အသက် ၂၅ နှစ်အရွယ် ဂျပန်တော်ဝင်မင်းသမီး မာကိုနဲ့ သာမာန်အရပ်သားတဦးဖြစ်သူတို့ စေ့စပ်ကြောင်းလမ်းသည့်သတင်းကို ဂျပန်ဧကရာဇ်တော်ဝင်မိသားစုတို့ရဲ့သဘောတူညီမှုရရှိပြီးနောက် အများပြည်သူသို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ကြေညာပြီးသည်နဲ့ တပြိုင်နက် မင်းသမီးမာကိုဟာ ဂျပန်ဧကရာဇ်တို့ရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ တော်ဝင် မျိုးနွယ်စာရင်းမှ အလိုအလျောက် နုတ်ထွက်ပြီး ဖြစ်ပါတယ်။
ဂျပန်ဧကရာဇ်တို့ရဲ့ အငြင်းပွားဖွယ် ထုံးတမ်းစဉ်လာအရ မည်သည့် တော်ဝင်မင်းသမီးမဆို သာမာန်အရပ်သားနဲ့ ထိမ်းမြားလက်ထပ်မည်ဆိုပါက တော်ဝင်မိသားစုစာရင်းမှ အလိုအလျောက် ထုတ်ပယ်ခံရမှာဖြစ်ပြီး မင်းသားများကတော့ ချွင်းချက်အနေနဲ့ လွတ်ကင်းခွင့်ပြုထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်းသမီးမာကိုက “ချစ်သူ ကိုမူရိုရဲ့နေမင်းနဲ့ တူတဲ့ အပြုံးအောက်မှာ ကျမရဲ့အချစ်တွေ အရည်ပျော်ကျခဲ့ရပါတယ်”လို့တင်စားပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး “ကလေးဘဝကတည်းက အရွယ်ရောက်လို့ လက်ထပ်ဖြစ်ခဲ့ရင် တော်ဝင်မျိုးနွယ်ဘဝကို စွန့်လွှတ်ရမယ်လို့ ခံစားမိတယ်” လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် တော်ဝင်မိသားစုဝင်အဖြစ် ရှိနေစဉ်ကလည်း မိသားစုအတွက်ရော တိုင်းပြည်အတွက်ပါ တာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြောင်းနဲ့ တော်ဝင်မိသားစုဝင် ဘဝကိုလည်း ချစ်ခင်မြတ်နိုးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မင်းသမီးရဲ့ခင်ပွန်းလောင်းဖြစ်သူ ခဲအိကိုမူရိုဟာ အသက် ၂၅ ရှိပြီဖြစ်ကာ ဥပဒေနဲ့ပတ်သက်ပြီး အသက် မွေးဝမ်းကျောင်းပြုနေသူတဦးလည်း ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က တက္ကသိုလ်တခုမှာ အတူတူတက်ရင်း တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
မင်းသမီးမာကိုဟာ ဂျပန်ဧကရာဇ် အကီဟိတိုရဲ့ သားတော် မင်းသားဖူမီဟီတို ရဲ့အကြီးဆုံးသမီးလည်း ဖြစ်ပြီး သူမဟာ ပါရဂူဘွဲ့ရရှိဖို့ရန် ကြိုးစားနေသူဖြစ်ကာ လက်ရှိမှာလည်း တိုကျိုတက္ကသိုလ်ရဲ့ပြတိုက် သုတေသနပညာရှင်တဦးအဖြစ်နဲ့ အလုပ်လုပ်ကိုင်နေပါတယ်။
ကနဦး ကြေညာချက်အရ မင်းသမီးမာကိုနဲ့ ခင်ပွန်းလောင်း ကိုမူရိုတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စေ့စပ်ပွဲ ကျင်းပမည်ဟု လျာထားခဲ့သော်လည်း ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းလည်း ဖြစ်ပါတယ်။
NHK သတင်းဌာနကတော့ သူတို့နှစ်ဦးရဲ့ ထိမ်းမြားမင်္ဂလာပွဲကို နောက်နှစ်ထဲမှာ ကျင်းပဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း သတင်းက ဆိုပါတယ်။
www.bbc.com တွင် ဖော်ပြထားသည့် Japan’s Princess Mako announces engagement ဆိုတဲ့ သတင်းဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
The post ဂျပန်တော်ဝင်မင်းသမီးမာကို စေ့စပ်ပြီးကြောင်း တရားဝင် ကြေညာ appeared first on ဧရာဝတီ.