ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ Facebook မှာ ရေပန်းစားတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း (မအေးသောင်း) တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “မင်္ဂလာရှိတဲ့ အရပ်” ရုပ်သံဇာတ်လမ်းတွဲကို iflix မှာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း iflix နဲ့ Ooredoo တို့က ပူးပေါင်း မိတ်ဆက်လိုက်ပါတယ်။
“မင်္ဂလာရှိတဲ့ အရပ်” ရုပ်သံဇာတ်လမ်းဟာ လူငယ်ဓာတ်ပုံဆရာ၊ ကျောင်းဆရာမလေးနဲ့ ချမ်းသာတဲ့ သူဌေးသား ကောင်လေး တယောက်၊ သူတို့ ၃ ဦးကြားက “သုံးပွင့်ဆိုင်” အချစ်ဇာတ်လမ်းကို ဟာသနှောပြီး ချစ်စဖွယ် ရိုက်ကူးထားတဲ့ ကျေးလက်ဟာသ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
အဆိုပါ ရုပ်သံဇာတ်လမ်းကို ဇာတ်လမ်း၊ ဇာတ်ညွှန်း နေစိုးသော် ရေးသားပြီး ဒါရိုက်တာ သြရသက ပြင်ဦးလွင်ရှိ ရွာတရွာမှာ နှစ်လကြာ အချိန်ယူကာ ဇာတ်အိမ်တည် ရိုက်ကူးခဲ့တဲ့ ရုပ်သံဇာတ်လမ်းလို့ သိရပါတယ်။
“မင်္ဂလာရှိတဲ့ အရပ် ဇာတ်လမ်းတွဲ ရိုက်တဲ့ အခါ မိုးတွင်းရိုက်ရတာ ဖြစ်တဲ့အတွက် ပြင်ဦးလွင်မှာ အခြေတည်ပြီး ရိုက်တဲ့ အတွက် မိုးအရမ်းများတယ်။ မိုးအရမ်းများတော့ ကျနော်တို့ တော်တော်လေး အသည်းအသန် ရိုက်ခဲ့ရပါတယ်။ ရိုက်ကူးရေးရက် ကုန်ဆုံး သွားပေမယ့် ဇာတ်လမ်းတွဲ ဖြစ်တဲ့ အတွက် ကျနော်တို့ နောက်တဖန် ပြန်ရိုက်ရပါတယ်။ ကျနော်တို့ မင်းသား၊ မင်းသမီးတွေနဲ့ အဖွဲ့သားတွေ အားလုံး ညီညီညွှတ်ညွှတ် ရိုက်ကူးပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။

“ဒီကားက ကျနော့်ရဲ့ ပထမဆုံး TV စီးရီးလို့ ပြောလို့ရပါတယ်။ ဒီကားမှာ ဟာသလေးလည်း ပါတယ်။ ပြီးတော့ ဝိညာဉ် ဆန်ဆန်လည်း ပါတယ်။ ဒရာမာလေးလည်း ပါတယ်။ ပြောရင်တော့ ရသစုံ TV စီးရီး တခုပေါ့။ အားလုံး ပျော်ပျော်ပါးပါးနဲ့ အခက်အခဲတွေ ကြားက ရိုက်ကူးထားတာပါ။ ရာသီဥတုက ဒုက္ခ ပေးလိုက်နဲ့ ဒုက္ခပေါင်းစုံ ဖြတ်သန်းခဲ့ရပါတယ်” လို့ သရုပ်ဆောင် မြင့်မြတ်က ပြောပါတယ်။
“မင်္ဂလာရှိတဲ့ အရပ်” ဇာတ်လမ်းတွဲက မအေးသောင်း အတွက် တတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်ပြီး ပထမဇာတ်လမ်းတွဲ က “Charm” ရုပ်သံဇာတ်လမ်း၊ ဒုတိယဇာတ်လမ်းတွဲက “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲ ၃ ခုစလုံးကို Myanmar Media 7 က ရိုက်ကူး ထုတ်လုပ်တာ ဖြစ်ပါတယ်။
“ဒီ ဇာတ်လမ်းတွဲလေး ရိုက်တော့ အားလုံးက အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ဇာတ်လိုက် ကိုမြင့်မြတ် ဆိုရင် ပေါက်စီ (မအေးသောင်း) ကို ချီတဲ့ အခန်းမှာ ခဏခဏ လေးတယ် လို့ ပြောတယ်။ ဒါပေမဲ့ သူချီ ရှာတယ်။ မနိုင်ဘူး။ သူပြောပါတယ်။ တော်တော် လေးတယ် တဲ့” လို့ အေးဝတ်ရည်သောင်းက ရယ်မောရင်း ပြောပါတယ်။

“မင်္ဂလာရှိတဲ့ အရပ်” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သြရသနဲ့ အတူ တွဲဖက် ဒါရိုက်တာ စိုးထွဋ် ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် မြင့်မြတ်၊ နေဒွေး၊ အောင်သူလွင် (Kelvin Kate)၊ အေးဝတ်ရည်သောင်း၊ နွယ်ဒါလီထွန်းနဲ့ ဟာသ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို MNTV ရုပ်သံလိုင်းမှာ အပတ်စဉ် သောကြာနေ့တိုင်း ည ၇ နာရီအချိန်မှာ ပြသနေတာ ဖြစ်ပြီး ယခုအခါ iflix Website နဲ့ Application မှာပါ ပထမ အပိုင်း ၄ ပိုင်းနဲ့ အတူ TV မှာ ပြသပြီး ၂၄ နာရီအတွင်း အပိုင်းသစ်များကို iflix မှာပါ ပြန်လည် ပြသသွားမယ် လို့ သိရပါတယ်။
iflix ဟာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ၊ TV ရုပ်သံဇာတ်လမ်းတွဲများ၊ TV Show အစီအစဉ်များနဲ့ နိုင်ငံတကာနှင့် ပြည်တွင်းမှ နာမည်ကြီး ရုပ်ရှင် ဇာတ်ကားများကို လစဉ်ကြေး ပေးသွင်းပြီး အွန်လိုင်းမှ တိုက်ရိုက် သို့မဟုတ် ဒေါင်းလုဒ်ဆွဲ ကြည့်ရှုနိုင်တဲ့ Website, Application ဝန်ဆောင်မှု ဖြစ်ပါတယ်။

iflix ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ ရက်ပေါင်း ၂၀၀ ကျော်အတွင်းမှာ iflix မှာ ပြသထားတဲ့ နိုင်ငံတကာနှင့် ပြည်တွင်းမှ ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုမှု စုစုပေါင်း နာရီပေါင်း ၁၅ သိန်းကျော်ရှိခဲ့ပြီး အဲဒီထဲကမှ မြန်မာဇာတ်ကား ကြည့်ရှုမှု စုစုပေါင်း နာရီပေါင်း ၂ သိန်းကျော် ရှိတယ် လို့ သိရပါတယ်။
Ooredoo Sim ကတ် အသုံးပြုသူများ အနေနဲ့ iflix ဝန်ဆောင်မှုများအတွက် ၁၀ ရာခိုင်နှုန်း အပို ဒေတာနဲ့ အခြား အစီအစဉ်များ ရရှိလိုပါက *616# ကို ခေါ်ဆိုနိုင်တယ် လို့ သိရပါတယ်။ ။
The post မြင့်မြတ်နဲ့ မအေးသောင်းတို့ရဲ့ “မင်္ဂလာရှိတဲ့ အရပ်” ရုပ်သံဇာတ်လမ်း iflix မှာ ကြည့်ရှုနိုင်ပြီ appeared first on ဧရာဝတီ.