၂၀၀၀ ပြည့်နှစ်များဆီက မိန်းကလေး Hip Hop အဆိုတော်တွေထဲမှာ Bambino ဆိုတဲ့အဖွဲ့ဟာလည်း နာမည်ကြီး အဖွဲ့တခုအဖြစ် ပါဝင်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက Rap သီချင်းတွေကို သီဆိုတဲ့ မိန်းကလေး အဆိုတော်ဦးရေ နည်းခဲ့ပြီး အဆိုတော် အိနွေနဲ့ သီရိ ညီအစ်မနှစ်ယောက် ပါဝင်တဲ့ Bambino အဖွဲ့က လူကြိုက်များခဲ့တဲ့ အဆိုတော်အဖွဲ့လို့ ဆိုနိုင်ပါတယ်။
မကြာမီ အချိန် နိုဝင်ဘာလ ၁၈ ရက်နေ့၊ ရန်ကုန်မြို့၊ Thuwannabumi Event Park မှာ ကျင်းပ ပြုလုပ်သွားမယ့် “Back To Millenium” The Last Chapter ရှိုးပွဲမှာ ၂၀၀၀ ပြည့်နှစ်က အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်များနဲ့ အတူ Bambino အဖွဲ့လည်း ပါဝင်သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။
ဂီတနဲ့ ၁၀ နှစ်နီးပါး ဝေးကွာနေပြီး ပရိသတ်နဲ့လည်း အလှမ်းဝေးနေတဲ့ Bambino အဖွဲ့မှ အိနွေနဲ့ သီရိတို့ ညီအစ်မ နှစ်ဦးကို အဆိုပါပွဲမှာ ပါဝင်သီဆိုဖျော်ဖြေဖြစ်ခဲ့ပုံ၊ လတ်တလော စိတ်ခံစားချက်တွေနဲ့ လက်ရှိ ကိုယ်စီမိသားစုဘဝနဲ့ ဖြတ်သန်းနေတဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေအကြောင်း ဧရာဝတီမှ အကြီးတန်းသတင်းထောက် သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး “Back To Millenium” ပွဲမှာ ပါဝင် သီဆိုဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ ။ ပထမစီစဉ်တဲ့ တပွဲကတည်းက ပါဝင်မလို့ပေါ့နော်။ ဒါပေမယ့် မအိကလည်း အလုပ်မအားလို့ အဲဒါကြောင့် မပါဖြစ်တာ။ အခု ဒီပွဲမှာ မအိကိုလည်း အလုပ်မအားလည်း မရမက အားအောင်လုပ်ဆိုပြီး ဒီပွဲက Family Gathering လိုလည်း ဖြစ်တော့ အကုန်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ရမှာဆိုတော့ ပါဝင်ဖြစ်တာပါ။
မေး။ ။ ဒီပွဲမှာရော အရင်သီချင်းဟောင်းတွေက ဘယ်သီချင်းတွေ ဆိုဖြစ်မလဲ။
ဖြေ။ ။ အရင် သီချင်းဟောင်းတွေထဲက ပရိသတ် လက်ခံပြီးသားဖြစ်တဲ့ လက်ရှိအချိန်ထိ ပရိသတ်သိနေတဲ့ သီချင်းတွေပဲ ပြန်ဆိုမှာပါ။
မေး။ ။ အခုလိုမျိုး ပရိသတ်နဲ့ အရမ်း အလှမ်းဝေးကွာနေချိန်မှာ Bambino အဖွဲ့အနေနဲ့ ပြန်ပြီး သီဆိုဖျော်ဖြေဖြစ်တဲ့ စိတ်ခံစားချက်က ဘယ်လိုရှိမလဲ။
ဖြေ။ ။ စိတ်ခံစားချက်က အသစ်တယောက်လိုပါပဲ။ Stage စင်ပေါ် ပြန်တက်ရမယ် ဆိုတော့လေ ကြောက်တယ်။ ဒါပေမယ့် အရင်တုန်းက Show ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ Family Gathering လို ပုံစံမျိုးဆိုတော့ ပျော်လည်း ပျော်တယ်။
မေး။ ။ Bambino အဖွဲ့အနေနဲ့ သီချင်းမဖျော်ဖြေဖြစ်တာ ဘယ်လောက် ကြာသွားပြီလဲ။
ဖြေ။ ။ ၉ နှစ်၊ ၁၀ နှစ်လောက်တော့ ရှိပြီ။
မေး။ ။ ပွဲမှာ ဖျော်ဖြေမယ့် သီချင်းတွေကိုရော ဘယ်လို ရွေးချယ်သွားမလဲ သိချင်ပါတယ်။
ဖြေ။ ။ ပွဲမှာ ဖျော်ဖြေမယ့် သီချင်းတွေကတော့ အခု ကိုယ့်ရဲ့ Facebook Account မှာဆိုရင် ဒီရှိုးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံလေးတွေ တင်လိုက်တဲ့အခါ ပရိသတ်က ဘယ်လို သီချင်းလေးတွေ ဆိုပါဆိုပြီး သူတို့တွေ အများကြီး Comment မှာ ရေးကြတယ်။ ပရိသတ်တွေ အများဆုံး တောင်းဆိုတဲ့ သီချင်းတွေကိုပဲ မအိတို့ List လုပ်ထားတယ်။ သီချင်းတွေကို Version မပြောင်းဘဲ အရင် Version အတိုင်းလေးပဲ Bambino ရဲ့ Mood လေးအတိုင်းပဲ ပြန်ပြီး သီဆိုသွားမှာပါ။ သီချင်းတွေ အကုန်လုံးက ပြန်တီးရမှာပါ။
မေး။ ။ ဂီတအလုပ်ကို ဆက်မလုပ်ဖြစ်တော့တဲ့ အကြောင်းရင်းက ဘာကြောင့်လဲ။
ဖြေ။ ။ အဓိက ဂီတ မလုပ်ဖြစ်တော့တာတော့ ၂၀၀၇ ခုနှစ်လောက်မှာ နိုင်ငံခြားမှာ နှစ်ယောက်လုံး ကျောင်း သွားတက်တယ်။ ဒီကို ပြန်ရောက်တော့ ၂၀၀၉၊ ၂၀၁၀ လောက်ရှိပြီ။ အဲဒီအချိန်မှာ ဒီဘက်က ဂီတနဲ့လည်း အလှမ်းဝေးနေတဲ့အချိန်၊ အိမ်ကလည်း မိသားစုအလုပ်မှာ ဝင်ကူပါဆိုပြီး ပြောတဲ့အချိန်မှာ ကိုယ်လုပ်တဲ့ အလုပ်တခုကို အကောင်းဆုံး လုပ်ချင်တယ်ဆိုတော့ ဒီ စီးပွားရေး ဘက်မှာပဲ ဝင်လုပ်ဖြစ်တယ်။ ၂၀၁၄ မှာ သီရိက အိမ်ထောင်ကျတယ်။ ၂၀၁၅ မှာ မအိက အိမ်ထောင်ကျတယ်။ အခုဆို မအိက သမီးတယောက် ရနေပြီ။ တနှစ်နဲ့ ၆ လ ရှိပြီ။ ကိုယ့်ရဲ့ Life တွေနဲ့ပဲ ဆိုတော့လေ။
ရန်ကုန်မှာက မအိက မနေဖြစ်တာ များတယ်။ ခွင့်ရတဲ့ ရက်တွေမှပဲ လာဖြစ်တာများတယ်။ ကျန်တဲ့ အချိန်တွေက ကိုယ့်ရဲ့ အမျိုးသားနောက်ပဲ လိုက်နေဖြစ်တာဆိုတော့ နှစ်ယောက်မဆုံဖြစ်တာနဲ့ သီချင်းတွေလည်း မဆိုဖြစ်တာပါ။
မေး။ ။ မအိနဲ့ သီရိတို့ လုပ်နေတဲ့ စီးပွားရေးအကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ။ ။ သီရိက Travels & Tours လုပ်တယ်။ Travels & Tours က ၁၉၉၀ ကတည်းက လုပ်တာ။ အန်တီတွေ အရင်ဆုံး စလုပ်တယ်။ အခုနောက်ပိုင်း ကိုယ်တွေ မိသားစုလုပ်ငန်းက ပြန်ပြီး လုပ်တယ်။ ပြီးတော့ ဟိုတယ်လုပ်ငန်းဆိုလည်း မြောက်ဦးဘက်မှာ ရှိတယ်။ အဲဒီဘက်မှာ ကိုယ်က ဒီဘက်ကနေ လှမ်းပြီး ရန်ကုန်ဘက်ကနေ ကူညီပေးပါတယ်။ မအိကလည်း မိသားစု စီးပွားရေးလုပ်တယ်။ ဟိုတယ် လုပ်ငန်းကို ဦးစီးပါတယ်။
မေး။ ။ ကိုယ်က အရင်တုန်းက အဆိုတော် ဆိုတော့ အခုခေတ် သီချင်းတွေရော နားထောင်ဖြစ်လား။
ဖြေ။ ။ နားထောင်ဖြစ်ပါတယ်။ (ရယ်လျက်) အကုန်လုံး မဟုတ်ပေမယ့် နာမည်ကြီး သီချင်းတွေတော့ တော်တော်များများ နားထောင် ဖြစ်ပါတယ်။
မေး။ ။ တကယ်လို့ ပရိသတ်က တောင်းဆိုလာရင်ရော Bambino အဖွဲ့အနေနဲ့ အခွေ ထုတ်ချင်တဲ့ ဆန္ဒရှိလား။
ဖြေ။ ။ ထွက်ချင်တဲ့ ဆန္ဒက အမြဲတမ်း ရှိပါတယ်။ ကိုယ်က အသက်ကြီးသွားတဲ့ အခါကျ နည်းနည်း ချင့်ချိန်ရတာပေါ့။
မေး။ ။ အနုပညာကို ဘယ်လောက်နှစ်ကြာကြာ လုပ်ခဲ့တာလဲ။
ဖြေ။ ။ သီရိတို့ ၂၀၀၃ လောက်ကတည်းက စလုပ်တယ်။ ၂၀၀၇ အောက်တိုဘာလောက်မှာ ကျောင်းသွားတက်တယ်။ ပြီးတော့ ကိုရဲလေးပွဲကို ၂၀၀၈ ဇန်နဝါရီမှာ လာဆိုဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ဆက်မဆိုဖြစ်တာ။
မေး။ ။ အစ်မတို့ရဲ့ မိသားစု အကြောင်းလေးလည်း နည်းနည်းလောက် ပြောပြပေးပါ။
ဖြေ။ ။ မအိဆိုရင် အမျိုးသားက အစိုးရဝန်ထမ်း၊ သမီးလေး တယောက်ရှိတယ်။ သမီးလေးက အခုဆို တနှစ်နဲ့ ၆ လ ရှိသွားပြီ။ သီရိ အမျိုးသားကတော့ ရန်ကုန်မှာပါပဲ။ နှစ်ယောက်စလုံးက ရန်ကုန်မှာပဲ။ ခလေးတော့ မယူသေးဘူး။ တူတွေ၊ တူမတွေ ကြည့်ပြီးတော့ နှစ်ယောက်လုံး ခလေး မယူဖို့ တိုင်ပင်ထားတယ်။
မေး။ ။ အခု ဒီပွဲမှာ အကုန်လုံး Same Batch တွေနဲ့ ပြန်တွေ့ရမှာဆိုတော့ စိတ်ခံစားချက်က…
ဖြေ။ ။ နှစ်ယောက်စလုံး ပျော်တယ်။ အရင်တုန်းက လူတွေနဲ့ ပြန်တွေ့ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးတယ်လို့ သိပ်မခံစားရတော့ဘူး။ စိတ်ပျိုကိုယ်နု ပေါ့နော်။
မေး။ ။ ပရိသတ်ကြီးကိုရော ဘာများ ပြောချင်သေးလဲ။
ဖြေ။ ။ ဒီပွဲလေးကို လာခဲ့ပေးပါ။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ချင်ပါတယ်လို့ ပြောချင်ပါတယ်။ ။
The post ပရိသတ်နဲ့ ၁ဝ နှစ်နီးပါး အလှမ်းဝေးကွာနေတဲ့ Bambino အဖွဲ့နှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.