နာမည်ကျော် ကိုရီးယားမင်းသား Park Bo Gum (ပတ်ဘိုဂွန်း) ဟာ တောင်ကိုရီးယားနိုင်ငံ၊ Myongji တက္ကသိုလ်ကနေ လေ့လာသင်ကြားမှု ပြီးဆုံးခဲ့ပြီး အခုဆို တက္ကသိုလ်ကနေ ပြဇာတ်မေဂျာနဲ့ ဘွဲ့ရခဲ့ပြီလို့ သိရပါတယ်။
အသက် ၂၄ နှစ် အရွယ်၊ မင်းသား Park Bo Gum ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ Yongin မြို့၊ ကျောင်းပုရဝုဏ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ “တေးသံစုံ ပြဇာတ်” ဘွဲ့ကို ရရှိခဲ့တာပါ။
အနက်ရောင် ဘွဲ့ဦးထုပ်နဲ့ ဘွဲ့ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ မင်းသား Park ဟာ ရောက်ရှိလာတာနဲ့ ချက်ချင်း ဆိုသလိုပဲ ဓာတ်ပုံ အရိုက်ခံ ခဲ့ပါတယ်။ ပရိသတ်တွေဆီကနေ လက်ခံရရှိခဲ့တဲ့ ပန်းစည်း ၂ ခုကို ကိုင်ဆောင်ထားတဲ့ မင်းသားဟာ ဓာတ်ပုံဆရာတွေကို ပို့စ်ပေးနေချိန်မှာ ပြုံးရွှင်၊ ရယ်မောနေခဲ့ပြီး သူ့ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သူ့ကို ဂုဏ်ပြုဖို့ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေကိုလည်း လက်ပြဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။
ဘွဲ့နှင်းသဘင် အခမ်းအနားမတိုင်ခင် မင်းသား Park က “ဒီကို လာရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘွဲ့ယူဖို့အတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ်၊ ၄ နှစ်ကျော်လောက် ကျနော် အများကြီး လေ့လာခဲ့ပါတယ်။ ပြီးတော့ ကျနော့်ရဲ့ အတန်းဖော်တွေ၊ စီနီယာတွေ၊ ဂျူနီယာတွေနဲ့ ပါမောက္ခတွေကို ကျေးဇူးတင်ချင်ပါတယ်” လို့ လာရောက် စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို ပြောခဲ့ပါတယ်။
မင်းသား Park ဟာ ၂၀၁၄ ခုနှစ်မှာ “တေးသံစုံ ပြဇာတ်” အထူးပြု ဘာသာရပ်နဲ့ Myongji တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့တာ ဖြစ်ပြီး သူဟာ အလုပ်များနေတဲ့ကြားက အတန်းအားလုံးကို မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ သူဟာ ဂီတဒါရိုက်တာ အနေနဲ့ “Hairspray” အမည်ရှိတဲ့ ဘွဲ့ယူပြဇာတ်မှာလည်း ပါဝင် တင်ဆက်ခဲ့ပါတယ်။
မင်းသား Park ဟာ ၂၀၁၅ ခုနှစ်မှာ စိတ်ဝေဒနာရှင် ရှေ့နေတဦးအဖြစ် သရုပ်ဆောင်ထားတဲ့ “Hello Monster” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သူဖြစ်ပြီး သူဟာ ကိုရီးယား ကေဘယ်လ် ရုပ်သံသမိုင်းမှာ လူကြည့်နှုန်းအများဆုံး ဖြစ်လာခဲ့တဲ့ tvN ရုပ်သံလိုင်းရဲ့ “Reply 1988” ဇာတ်လမ်းတွဲမှာ အဓိကမင်းသားအနေနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
၂၀၁၆ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ “Moonlight Drawn by Clouds” ဇာတ်လမ်းတွဲမှာ ဂျိုဆွန်း အိမ်ရှေ့စံမင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ နိုင်ငံတကာမှာ နာမည် ရရှိလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကျော်ကြားမှုကြောင့် ၂၀၁၆ ခုနှစ်မှာ Gallup Korea ကရွေးချယ်တဲ့ “တနှစ်တာအတွက် အကောင်းဆုံး သရုပ်ဆောင်ဆု” ကို သူ့ရဲ့ အသက် ၂၃ နှစ် အရွယ်မှာ အငယ်ဆုံး အနုပညာရှင်အနေနဲ့ ရရှိ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ သူဟာ Forbes မဂ္ဂဇင်းရဲ့ Korea Power Celebrity စာရင်းမှာ ပါဝင်ခဲ့ပြီး မင်းသား တယောက် အနေနဲ့ အခုလိုမျိုးစာရင်းမှာ ပါဝင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မင်းသာ Park Bo Gum ဟာ လက်ရှိမှာ အချိန်ပိုင်း အလုပ်သမားအနေနဲ့ “Hyori’s Homestay 2” အစီအစဉ်ရဲ့ ဒုတိမြောက် Season မှာ ပါဝင်နေပါတယ်။ အဲဒီအစီအစဉ်ကို JTBC ရုပ်သံလိုင်းကနေ စနေနေ့ ည ၉ နာရီအချိန်မှာ ထုတ်လွှင့်လျက်ရှိပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “Hyori’s Homestay 2’” အစီအစဉ်မှာ ပါဝင်လာမယ့် ကိုရီးယားမင်းသား Park Bo Gum
Ref ; aceshowbiz
The post Myongji တက္ကသိုလ်ကနေ ပြဇာတ်မေဂျာနဲ့ ဘွဲ့ရခဲ့တဲ့ ကိုရီးယားမင်းသား Park Bo Gum appeared first on ဧရာဝတီ.