မင်းသား Vin Diesel ဟာ Valiant ကာတွန်းစာအုပ်ကို ရုပ်ရှင်အဖြစ် မှီုငြမ်းရိုက်ကူးမှုမှာ စူပါစစ်သား “Bloodshot” အဖြစ် ပါဝင်မယ်လို့ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
အသက် ၅ဝ နှစ် အရွယ်၊ အက်ရှင်ဟီးရိုးကြီးဟာ Sony Pictures ကနေ ထုတ်လုပ်မယ့် ရုပ်ရှင်မှာ စူပါစစ်သား တယောက် အနေနဲ့ ပါဝင်မှာ ဖြစ်တယ်လို့ Deadline မီဒီယာက ဆိုပါတယ်။
“Bloodshot” ဆိုတာကတော့ သွေးကြောထဲကို Nano ကွန်ပျူတာတွေ ထည့်သွင်းထားတဲ့ အတွက် အသစ်တဖန် ပြန်လည်မွေးဖွား၊ ကြီးပြင်းနိုင်စွမ်းရှိပြီး ဒဏ်ရာတွေကို အလျင်အမြန် ကျက်စေတဲ့ အစွမ်းနဲ့ ခန္ဓာကိုယ် ပုံသဏ္ဍာန်ကိုလည်း ပြောင်းလဲနိုင်တဲ့ အစွမ်းရှိတဲ့ စစ်သားဟောင်း တယောက် ဖြစ်ပါတယ်။
စူပါနည်းပညာကြောင့် သေရာကနေ ပြန်ရှင်လာခဲ့ပြီးနောက် သူဟာ မှတ်ဉာဏ် ပျောက်ဆုံးနေမှုကို တိုက်ထုတ်ရမယ့်အပြင် သူရဲ့ စွမ်းအားအသစ်များနဲ့ ရင်းနှီးအောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ “Deadpool” ရုပ်ရှင်ဒါရိုက်တာ Tim Miller နဲ့ ကာလရှည်လက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ Dave Wilson က အခုရုပ်ရှင်မှာ ဒါရိုက်တာ တယောက်အနေနဲ့ ပွဲဦးထွက်လာမှာ ဖြစ်ပါတယ်။
မင်းသား Diesel ဟာ ဒီရုပ်ရှင်မှာ “Fast and the Furious” ပရိုဂျူဆာ Neal H. Moritz နဲ့ အလုပ်အတူ ပြန်တွဲလုပ်မှာ ဖြစ်ပြီး လာမယ့် ဇူလိုင်လမှာ ရိုက်ကူးရေး စတင်မှာ ဖြစ်ပါတယ်။ “Bloodshot” ဟာ Valiant Expanded Universe မှာ အဓိကကျတဲ့ ဇာတ်ကောင် ဖြစ်ပေမယ့် အခြား Comic စာအုပ်လောကထဲက Gods တွေ၊ စူပါဟီးရိုးတွေနဲ့ ယှဉ်ရင် ထူးခြားတဲ့ အခြေအနေထဲက သာမန်လူတွေကိုပဲ အဓိက အလေးပေးမှာ ဖြစ်ပါတယ်။
Valiant ရုပ်ရှင်ကတော့ ဇာတ်ကောင်ပေါင်း ၂ ထောင်ကျော်ရှိတဲ့ Comic စာအုပ်အခြေခံ ရုပ်ရှင်တွေထဲမှာ ကြီးကြီးမားမား ထွက်ပေါ်လာမှာ ဖြစ်ပြီး Comic စာအုပ်ပေါင်း သန်း ၈ဝ ကျော် ရောင်းချ ထားပါတယ်။ မင်းသား Diesel ဟာ Marvel Comic ရဲ့ “Guardians Of The Galaxy” ရုပ်ရှင်မှာ Groot အဖြစ် ပါဝင်ထားပြီး ပြီးခဲ့တဲ့နှစ်၊ ၂၀၁၇ ခုနှစ်အတွင်းမှာ သူဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၆ သန်းနဲ့ ဝင်ငွေအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်အဖြစ် ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။
Ref ; Contactmusic
The post စူပါစစ်သား “Bloodshot” အဖြစ် သရုပ်ဆောင်မယ့် မင်းသားကြီး Vin Diesel appeared first on ဧရာဝတီ.