ဒီနေ့မှာတော့ ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း (Stephen Hawking) အကြောင်း ရိုက်ကူးထားပြီး ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ “The Theory of Everything” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားမှာ စတီဖင်ဟော့ကင်းအဖြစ် မင်းသား Eddie Redmayne က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ James Marsh က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အာကာသသိပ္ပံလောကရဲ့ ထိပ်တန်းပညာရှင် ဒုတိယ အိုင်းစတိုင်းလို့ တင်စားကြရတဲ့ စတီဖင်ဟော့ကင်းရဲ့ အတ္ထုပတ္တိပဲ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်မှာ အာရုံကြောတွေ ကြုံလှီသွားတဲ့ရောဂါ ခံစားခဲ့ရတာကြောင့် ဆရာဝန်တွေက ၂ နှစ် အတွင်း သေဆုံးလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၆ နှစ် ရှိနေပါပြီ။
သူ့ဘဝ သက်တမ်း တလျှောက်ဟာ ဝှီးချဲပေါ်မှာသာ ကန့်သတ်ခံခဲ့ရပေမယ့် သူဟာ သီအိုရီပေါင်းများစွာကို ထုတ်နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် သူရေးသားခဲ့တဲ့ “A Brief History Of Time” ဆိုတဲ့ စာအုပ်ဟာလည်း ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ စတီဖင်ဟော့ကင်းရဲ့ဘဝဖြစ်စဉ်နဲ့ သူ့ရဲ့ချီးကျူးဖွယ် ရုန်းကန်မှုတွေကို ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားမှာ စတီဖင်ဟော့ကင်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား Eddie Redmayne ရဲ့ သရုပ်ဆောင်မှုတွေဟာ ပီပြင်လွန်းတာကြောင့် သူတကယ်ပဲ ဒီရောဂါ ဖြစ်နေသလားလို့တောင် ထင်မိစေပါတယ်။
မင်းသား Eddie Redmayne ဟာ အဆိုပါ ဇာတ်ကားနဲ့ ၂၀၁၅ ခုနှစ်၊ အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ဆွတ်ခူးနိုင်ခဲ့ပြီး အော်စကာဆုပေးပွဲအပြီးမှာ စတီဖင်ဟော့ကင်းက သူ့ရဲ့ Facebook စာမျက်နှာကနေ “The Theory of Everything” ဇာတ်ကားမှာ ကျနော့်အနေနဲ့ သရုပ်ဆောင်ပြီး အော်စကာဆု ရရှိသွားခဲ့တဲ့ မင်းသား Eddie Redmayne ကို ဂုဏ်ပြုပါတယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။
IMDB Rating (7.7) ရရှိထားတဲ့ အဆိုပါ “The Theory of Everything” ဇာတ်ကားဟာ သီအိုရီ အတွေးအခေါ်တွေနဲ့မို့ ဇာတ်လမ်းက အနည်းငယ် အေးပေမယ့် စတီဖင်ဟော့ကင်းရဲ့ ရုန်းကန်ကြိုးစားမှုတွေဟာ အံ့အားသင့်၊ အားကျ အတုယူဖွယ် ကောင်းတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေ ကြည့်ရှုနိုင်အောင် ညွှန်းဆိုပေးလိုက်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်
The post စတီဖင်ဟော့ကင်းရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ “The Theory of Everything (2014)” appeared first on ဧရာဝတီ.