ပရိသတ်တွေရဲ့ အချစ်တော် ထပ်ဆင့် အကယ်ဒမီ သရုပ်ဆောင် မင်းသမီး ဖွေးဖွေးဟာ သင်္ကြန် အချိန်ခါမှာ ဆံပင်ပုံစံများ ပြောင်းလဲရတာကို ကြိုက်နှစ်သက်ပြီး ယခုနှစ်မှာတော့ ဆံပင်အရောင်တွေဆိုးပြီး မဆန်းသစ်တော့ဘဲ ဆံပင်တွေကို ဆက်ပြီး ဒီဇိုင်း ပြောင်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ကိုယ်က မင်းသမီးလုပ်နေတော့ ဆံပင်ကို လုပ်ချင်တိုင်း လုပ်လို့မရဘူး။ မနှစ်ကကျတော့ သင်္ကြန်တွင်း ကားရိုက် နားထားတော့ ဆံပင်လိမ္မော်ရောင် တောက်တောက်ကြီးတွေ လုပ်လိုက်ရတော့ အရမ်းပျော်တယ်။ ဖွေးက ဆံပင် အရောင်တွေ အရမ်းကြိုက်တယ်။ ဒီနှစ်မှာတော့ ဆံပင်တွေကို ဆက်ပြီး ဒီဇိုင်း ပြောင်းသွားဖို့ ရှိတယ်”လို့ ဖွေးဖွေးက ဧရာဝတီကို ပြောပါတယ်။
သင်္ကြန်ဆိုရင် အလုပ်တွေနားပြီး လွတ်လွတ်လပ်လပ် ဖြတ်သန်းလေ့ရှိတယ်လို့ ဖွေးဖွေးက ပြောပါတယ်။ “သင်္ကြန်ဆိုတာ ဖွေးတို့လို မင်းသမီးမှ မဟုတ်ဘူး။ လူငယ်တွေရော လူကြီးတွေရော အလုပ်တွေ နားကြတဲ့ ကိုယ်ပိုင် အားလပ်ချိန်ပေါ့။ အဲဒီအချိန်မှာ ဖွေးကလည်း လွတ်လွတ်လပ်လပ်ပဲ ဖြတ်သန်းလေ့ရှိပါတယ်။ ခရီးသွားဖို့တော့ အစီအစဉ်ရှိတယ်။ မသေချာ သေးဘူး” လို့ ဆိုပါတယ်။
ဖွေးဖွေးကတော့ ငယ်စဉ်အချိန်က သင်္ကြန်ကျလျှင် အိမ်ရှေ့မှာ ရေပုံးများချပြီး ရေပက်လေ့ရှိကာ မဏ္ဍပ်ထိုင်တဲ့ အရွယ်မှာတော့ မဏ္ဍပ်ထိုင်လေ့ရှိတယ်လို့ သင်္ကြန်တွင်း ကုန်ဆုံးလေ့ရှိတဲ့ အချိန်များကို ပြောပါတယ်။
ဖွေးဖွေးဟာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “လက်ပံ” ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၂ ခုနှစ်မှာ တကြိမ်၊ “ကျွန်မက နှင်းဆီပါ မောင်” ရုပ်ရှင်ဇာတ်ကားနဲ့၂၀၁၅ ခုနှစ်မှာ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” တို့ ရရှိထားပြီး ယခုနှစ်အတွင်း “ရွှေကြာ” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ပရိသတ်များအတွက် သင်္ကြန်ဆုတောင်းအနေနဲ့ “သင်္ကြန်မှာ ပရိသတ်များ အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ မြန်မာနှစ်သစ်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင် နိုင်ကြပါစေ။ အားလုံးပဲ နှစ်သစ်မှာ ကျန်းမာကြပါစေ” လို့ ဖွေးဖွေးက ဆုတောင်းပေးခဲ့ပါတယ်။
The post “သင်္ကြန်မှာ ဆံပင်ဆက်ပြီး ဒီဇိုင်းပြောင်းသွားဖို့ ရှိတယ်” ဆိုတဲ့ ဖွေးဖွေး appeared first on ဧရာဝတီ.