မကြာသေးခင်ကမှ ဟန်တီလို့ နာမည်ပြောင်းထားတဲ့ ချစ်စဖွယ် အမူအယာလေးတွေနဲ့ အလှမယ် ဟန်သီက ယနေ့ မေလ ၁၀ ရက်နေ့ မနက်က သူ့ရဲ့ အကောင့်က Hack ခံရပြီး ဟက်ကာများအဖွဲ့မှ အကောင့်ပြန်လိုချင်ပါက ငွေ ၃ သိန်း ပေးရမယ်လို့ ဟန်သီ့ကို အလှူငွေ တောင်းခံလာတယ် အလှမယ်၊ မော်ဒယ် ဟန်သီက ဆိုပါတယ်။
“အခုကကျ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့က မနက် ၄ နာရီမှာ စပြီး ဟန်သီ့ အကောင့်ထဲဝင်တယ်။ ဟန်သီက မနက် ၈ နာရီမှ သိတယ်။ သိသိချင်း ချက်ချင်း ဟန်သီက ပြန်ယူလိုက်တယ်။ ယူလိုက်တော့ ဟန်သီ့ အကောင့်က ရသွားတယ်။ ရသွားပေမယ့် ဘယ်လိုဖြစ်လဲဆိုတော့ သူတို့က ပြန်ဟက်တယ်။ Password တွေကော၊ အီးမေးလ်တွေကော လုံးဝ ဆက်တိုက် Group လိုက် ဟက်လုပ်တဲ့ အချိန်မှာ အကောင့်က ပါသွားတယ်”
“သူတို့က ပြောတဲ့အခါ ဟက်ကာတွေ အများကြီးနဲ့ Group အကြီးကြီးလို့ ပြောတယ်။ သူတို့ လုပ်တာက ပရဟိတ လုပ်တာ ဆိုပြီး အလှူငွေ ကောက်တယ်။ သူတို့ကို ၃ သိန်း ၄ သိန်း လှူရင် အကောင့်ကို ပြန်ပေးမယ်ဆိုပြီး ပြောတယ်။ ဟန်သီကလည်း အကောင့်ကို ဟက်လုပ်ပြီး ပရဟိတအနေနဲ့ ပိုက်ဆံတောင်းတာတော့ မကြိုက်ဘူး။ မပေးနိုင်ဘူးဆိုပြီး ပြောလိုက်တယ်။ ပြောလိုက်တော့ သူတို့က Ok ဟုတ်ပြီဆိုပြီး ဖုန်းချသွားတယ်” လို့ မော်ဒယ် ဟန်သီက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး ဟန်သီက “တခုလည်း ပြောလိုက်သေးတယ်။ ပရဟိတဆိုတာ ဒီလိုမျိုး အကောင့်တွေကို ငွေညှစ်ပြီး ဟက်လုပ်ပြီး အကူအညီ လာတောင်းရင်တော့ ဟန်သီက မပေးနိုင်ဘူး။ အလှူငွေလိုလို့ လာကောက်လို့ တောင်းတယ်ဆိုရင် ဟန်သီက ပေးနိုင်ပါတယ်။ ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ သူတို့က ၃ သိန်း လွှဲပြီးရင် ပြေစာပို့ပေး၊ ပြေစာပို့ပေးရင် အကောင့် ပြန်ပေးမယ်လို့ ပြောတယ်။ သူတို့လက်ထဲမှာလည်း ဒီလိုမျိုး Celebrities အကောင့်တွေ ရှိတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
အခုလိုမျိုး အနုပညာရှင်များ အကောင့်ကို Hack ကာ ငွေညှစ်တောင်းခံပြီး အလှူငွေ ကောက်ခံခြင်းမျိုးကို “ဟန်သီကတော့ ဒီလိုမျိုး အလှူငွေ ကောက်တာ လက်မခံပါဘူး” ပြောပါတယ်။
အကောင့် ဟက်ခံရတာနဲ့ ပတ်သက်ပြီး ဟန်သီက အကောင့်ကို ပြန်လိုချင်လားဆိုတဲ့ အမေးကိုတော့ “ဟန်သီကတော့ ဟန်သီ့ အကောင့်ကို ပြန်ရမယ်ဆို ရချင်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်ပရိသတ်တွေ အများကြီး ရှိတော့ ပြန်လိုချင်ပါတယ်။ Facebook ဆိုတာ ဘဝတခုလို သုံးနေတာ မဟုတ်ပေမယ့် ဟန်သီ ချစ်ရတဲ့သူတွေ၊ ဟန်သီ့ ပရိသတ်တွေ ရှိတဲ့ အတွက် ပြန်ရချင်ပါတယ်” လို့ ဆိုပါတယ်။
“သူတို့ ပရဟိတအတွက် ပိုက်ဆံ လိုနေတယ်၊ အကူအညီလိုနေတယ်ဆိုရင် ဟန်သီက ပေးမယ်။ ဒါပေမယ့် သေသေချာချာနဲ့ ဒီလိုမျိုး ဟန်သီ့ အကောင့်ကို ပြန်ပေးဆွဲသလို အကောင့်ကို ယူသွားပြီး ပိုက်ဆံ တောင်းတာမျိုးတော့ ဟန်သီ လက်မခံပါဘူး” လို့ ဟန်သီက အကောင့် ဟက်သွားတဲ့ Hacker များအဖွဲ့ကို အခုလိုပဲ ဆိုလိုက်ပါတယ်။
The post Facebook အကောင့် ဟက်ခံရပြီး အလှူငွေ ၃ သိန်းပေးရန် အတောင်းခံရတဲ့ အလှမယ် ဟန်သီ appeared first on ဧရာဝတီ.