ဟောလိဝုဒ် မင်းသမီးချော Gwyneth Paltrow က အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ခံခဲ့ရတဲ့ သားကောင် တယောက် ဖြစ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့နှစ်မှာပဲ ထုတ်ဖော် ပြောကြားခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို လိင်ပိုင်းဆိုင်ရာ အနှောက်အယှက် ပြုခံရစဉ်မှာ သူ့အတွက်နဲ့ ထုတ်လုပ်သူကို ရင်ဆိုင် ပေးခဲ့တဲ့ ရည်းစားဟောင်း မင်းသား Brad Pitt ကို ကျေးဇူးတင်ကြောင်း မင်းသမီးက အမွှန်းတင် ပြောဆိုလိုက်ပါတယ်။
အော်စကာဆုရှင် မင်းသမီးက ၁၉၉၆ ခုနှစ်မှာ “Emma” ရုပ်ရှင်ရိုက်ကူးရေးမစတင်မီ ရုပ်ရှင် ထုတ်လုပ်သူကြီးက သူ့အပေါ် မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပြီးနောက် Harvey ကို မင်းသား Pitt က စိန်ခေါ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Sirius XM ရေဒီယိုတင်ဆက်သူ Howard Stern နဲ့ မေလ ၂၃ ရက်နေ့၊ စကားပြောဆိုမှုအတွင်းမှာတော့ မင်းသမီးက အခုလိုမျိုး Harvey ကို ရင်ဆိုင်ဖို့ မင်းသား Pitt လုပ်ဆောင်ခဲ့ပုံကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသမီး Paltrow က “ကျမကို Harvey က မဖွယ်မရာ လုပ်ခဲ့တဲ့ ဟိုတယ်အခန်း တခုထဲမှာ ကျမတို့ စကား အချေအတင် ဖြစ်ခဲ့ကြပါတယ်။ ပြီးတော့ ကျမ Brad Pitt ကို ယုံကြည်ခဲ့တယ်၊ ကျမ သူ့ကို အမှန်အတိုင်းပြောပြလိုက်တယ်၊ ပြီးတော့ အဲဒီကိစ္စကြောင့် ကျမတော်တော်လေး တုန်လှုပ်မိနေတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “ကျမ Harvey နဲ့ နောက်ထပ်ရုပ်ရှင်နှစ်ကား ရုပ်ဖို့ စာချုပ်ချုပ်ထားတယ်၊ ကျမ တကယ့်ကိုပဲ ကြောက်လန့် နေတယ်။ Brad Pitt နဲ့ ကျမတို့ဟာ Hamlet on Broadway ဖွင့်ပွဲမှာ ရှိနေခဲ့တယ်။ Harvey လည်း အဲဒီမှာ ရှိနေခဲ့တယ်၊ Harvey ကို Brad Pitt က နံရံဘက်ကို ဆွဲပြီး ပစ်လိုက်သလိုမျိုးပဲ လုပ်ခဲ့တယ်”လို့ မင်းသမီး Paltrow က ဆိုပါတယ်။
မင်းသမီးက ဆက်ပြီး “တကယ့်ကိုပဲ အံ့သြလောက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူက သူ့ရဲ့နာမည်ဂုဏ် သတင်းနဲ့ အာဏာပါဝါကို အဲဒီအချိန်တုန်းက နာမည်ကျော်ကြားမှုနဲ့ အာဏာပါဝင် မရှိသေးတဲ့ ကျမ ကို ကာကွယ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ သူပြန်လာပြီးတော့ သေသေချာချာလေး ကျမကို ပြောသွားခဲ့တယ်။ ကျမ ကိုထပ်ပြီးတော့ သက်သောင့်သက်သာ မဖြစ်တာမျိုး ထပ်ခံစားရစေမယ်ဆိုရင် သတ်ပစ်မယ်လို့ Harvey ကို ပြောခဲ့ပါတယ်၊ တော်တော်ကိုပဲ အဆင်ပြေခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
မင်းသမီး Paltrow ဟာ မင်းသား Pitt နဲ့ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ မင်းသမီးဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ နယူးယောက်ခ်တိုင်မ်း သတင်းစာ ဆောင်းပါးတခုမှာ Harvey နဲ့ ပတ်သက်ခဲ့ ရတဲ့ အကြောင်းကို ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref ; aceshowbiz
The post ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ဖူးတဲ့ Brad Pitt appeared first on ဧရာဝတီ.