လာမယ့် ၂၀၁၉ ခုနှစ်၊ မေလမှာ ထွက်ရှိလာမယ့် Avengers 4 ရုပ်ရှင်ဟာ အခုလက်ရှိ ထွက်ရှိပြီးသား ဖြစ်တဲ့ “Infinity War” ရုပ်ရှင်ထက် ပိုမိုရှည်လျားတဲ့ ပြသချိန်နဲ့ အတူ ပရိသတ်တွေဆီကို ထပ်မံရောက်ရှိလာမှာ ဖြစ်ပါတယ်။
“Infinity War” ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Thanos ရဲ့ အစွမ်းတွေကိုတော့ ကြည့်ရှုခဲ့ကြရပြီဖြစ်ပြီး ကျန်ရှိနေသေးတဲ့ Avengers တွေဟာ ဘယ်လိုပုံစံမျိုးတွေနဲ့ ရင်ဆိုင်ကြမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။
“Infinity War” ဒါရိုက်တာ နှစ်ဦးထဲက တဦးဖြစ်သူ Joe Russo ကတော့ “တော်တော်ကြာချိန် ရှည်လျားမယ့် ရုပ်ရှင်ပါပဲ၊ ဘယ်လောက်ထိ ကြာမြင့်မလဲ ဆိုတာကိုတော့ မပြောလိုတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေကို ဒီအတွက် ရင်ခုန်စိတ် လှုပ်ရှားစေချင်လို့ပဲ ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ မှာ ထွက်ရှိခဲ့တဲ့ Infinity War ရုပ်ရှင်ဟာ ပြသချိန် ၂ နာရီနဲ့ မိနစ် ၄၀ ကြာမြင့်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှာ ထပ်မံထွက်ရှိလာမယ့် ဒုတိယတကားဟာ ပြသချိန် ပိုမိုကြာမြင့်မယ်လို့ ဒါရိုက်တာ Joe Russo နဲ့ Anthony Russo တို့က ဖွင့်ဟ ပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။
“Infinity War” ဟာ MCU စတင်တည်ဆောက်ပြီး ၁၀ နှစ်မြောက်မှာ ထွက်ရှိလာခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ယခင်ထွက်ရှိပြီး ဖြစ်တဲ့ Marvel ရဲ့ စူပါဟီးရိုး ဇာတ်ကားတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ရုပ်သံစီးရီးတွေရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အပိုင်းကို ကြည့်ရှုရသလို ခံစားရစေတာကြောင့်လည်း Marvel ရဲ့ တခြားသော စူပါဟီးရိုးရုပ်ရှင်တွေထက် ပိုမိုအားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
Ref ; 9gag.com
The post ထွက်ရှိပြီးသား “Infinity War” ထက် ပြသချိန် ပိုမိုရှည်လျားမယ့် “Avengers 4” appeared first on ဧရာဝတီ.