ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်မင်းသမီး Meghan Markle တို့ရဲ့ မေလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ထပ်ပွဲဟာ တော်ဝင်ပရိသတ်တွေရဲ့ စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ဖြစ်နေဆဲ ဖြစ်ပေမယ့် Sussex မြို့စားကတော်ရဲ့ ခင်ပွန်းဟောင်းကတော့ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။
Meghan နဲ့ အိမ်ထောင်သက် ၂ နှစ်ရှိခဲ့တဲ့ Trevor Engelson ဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ Napa Valley မှာ အာဟာရပညာရှင် Tracey Kurland နဲ့ စေ့စပ်လိုက်တာလည်း ဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရုပ်ရှင်ထုတ်လုပ်သူနဲ့ အေးဂျင့်တဦးဖြစ်တဲ့ Trevor ဟာ အဲဒီသတင်းကောင်းကို သူ့ရဲ့ Instagram အကောင့်မှာ ဝေမျှခဲ့ပြီး ဇနီးလောင်ရဲ့ စေ့စပ်လက်စွပ် ဓာတ်ပုံ တခုကိုလည်း တင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာတော့ Trevor က “ငါသိသမျှထဲ ကံအကောင်းဆုံးလူသား”လို့ ပုံစာ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။
Trevor နဲ့ Meghan တို့ဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ လက်ထပ်ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ် နွေရာသီမှာ လမ်းခွဲခဲ့ကြ ပြီးတဲ့နောက် တနှစ်အကြာမှာပဲ တရားဝင် ကွာရှင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒိုင်ယာနာမင်းသမီးရဲ့ ဘဝအတ္ထုပ္ပတိ ရေးသားသူ Andrew Morton ရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “Meghan, A Hollywood Princess” အထဲမှာ သူတို့စုံတွဲဟောင်းနှစ်ဦးဟာ ဘားတခုမှာ ဆုံစည်းခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသမီး Meghan ဟာ Suits ဇာတ်လမ်းတွဲကို နယူးယောက်နဲ့ ကနေဒါနိုင်ငံတို့မှာ ရိုက်ကူးချိန်မှာတော့ ခင်ပွန်းဟောင်းနဲ့ ခေတ္တဝေးကွာခဲ့ရာကနေ အိမ်ထောင်ရေး ပြိုကွဲခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ Meghan နဲ့ Trevor တို့က သူတို့နှစ်ဦးရဲ့ စွန့်လွှတ်ခြင်းဟာ တန်ဖိုးရှိမယ်လို့ ထင်မြင်တဲ့အကြောင်း Morton က ရေးသားထားပါတယ်။
Ref:People.com
The post တော်ဝင်မင်္ဂလာပွဲအပြီး ၂ ပတ်အကြာမှာ စေ့စပ်လိုက်တဲ့ Meghan Markle ရဲ့ ခင်ပွန်းဟောင်း appeared first on ဧရာဝတီ.