ဘောလိဝုဒ် စူပါစတား ရှရွတ်ခန်းရဲ့ “Zero” ရုပ်ရှင်ဟာ ရိုက်ကူးတော့မယ်လို့ ကြေညာလိုက်ချိန် ကတည်းက ပရိသတ်တွေ အကြား လူပြောများစေခဲ့ပါတယ်။ ဒါရိုက်တာ Aanand L. Rai ရိုက်ကူးမယ့် အဲဒီရုပ်ရှင်မှာ ဆိုရင် အဓိကဇာတ်ဆောင် နေရာတွေမှာ မင်းသမီးတွေဖြစ်ကြတဲ့ Katrina Kaif နဲ့ Anushka Sharma တို့လည်း ပါဝင်လာကြမှာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ကွယ်လွန်ပြီးဖြစ်တဲ့ မင်းသမီး ဆရီဒေဝီကလည်း အထူးသရုပ်ဆောင် အနေနဲ့ ပါဝင်ထားပါတယ်။ ဒီကားကို လွန်ခဲ့တဲ့ ၁ လကစလို့ မင်းသားဟာ အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးရေးကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
Zero ရုပ်ရှင်မှာတော့ ပရိသတ်တွေ မြင်နေကျ ရှရွတ်ခန်းရဲ့ ပုံစံတွေကနေ ကွဲထွက်ပြီး မင်းသားကို လူပုလေး အသွင်နဲ့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Twitter အကောင့်မှာတော့ မင်းသားခန်းက “ရုပ်ရှင်တခုဆိုတာ ဘယ်တော့မှ မပြီးဘူး။ ဒါပေမယ့် လှပတဲ့အရာတွေက နောက်ဆုံးကျမှ ရောက်လာခဲ့တယ်။ ကောင်းမွန် ပြီးပြည့်စုံတဲ့ ရိုက်ကူးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ သူရဲ့ Selfie ပုံမှာ ပုံစာရေးခဲ့တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ Eid နေ့တုန်းက ဖြန့်ချိခဲ့တဲ့ ရုပ်ရှင်အမြည်း ဗီဒီယိုမှာ ဆိုရင် မင်းသား ရှရွတ်ခန်းကို မင်းသား Salman Khan နဲ့အတူ တွဲကနေတာကို မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီအမြည်းဗီဒီယိုကို ပရိသတ်တွေက ချီးကျူး ပြောဆိုခဲ့ကြပြီး သူတို့နှစ်သက်တဲ့ သရုပ်ဆောင်နှစ်ဦးကို အတူတွေ့ဆုံနိုင်ခဲ့တဲ့ အခွင့်အရေး ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးကို ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား Salman Khan ရဲ့ “Tubelight” ရုပ်ရှင်မှာ အတူမြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။
Himanshu Sharma ကဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Aanand L. Rai ရိုက်ကူးမယ့် Zero ရုပ်ရှင်ဟာ ဆိုရင် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရှရွတ်ခန်း၊ Anushka Sharma နဲ့ Katrina Kaif တို့ရဲ့ အချိန် ၆ နှစ်ကြာပြီးတဲ့နောက် ပြန်လည် ပေါင်းစုံမှုဖြစ်ပြီး ဒီရုပ်ရှင်မှာ အထူးဧည့်သည် သရုပ်ဆောင်တွေ အဖြစ် ကွယ်လွန်သူမင်းသမီး Sridevi ၊ Rani Mukerji, Kajol, Karisma Kapoor နဲ့ Alia Bhatt တို့ ပါဝင်လာကြမှာဖြစ်ပါတယ်။ Zero ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။
Ref: indianexpress
The post ကွယ်လွန်သူ မင်းသမီး ဆရီဒေဝီ နောက်ဆုံးသရုပ်ဆောင်ထားတဲ့ ရှရွှတ်ခန်းရဲ့ “Zero” ရုပ်ရှင် appeared first on ဧရာဝတီ.