ရုပ်ရှင်ကား Trailer တခု ကြည့်ပြီးတာနဲ့ ဇာတ်ကားတကားလုံးရဲ့ ဇာတ်ကြောင်းတွေ၊ အဓိက ဇာတ်ဝင်ခန်း တွေကို သိနေရလို့ စိတ်ပျက်နေပါလား။ ဒါဆိုရင်တော့ Sony ရဲ့ “Khali the Killer” ရုပ်ရှင်ကား Trailer ကြည့်မိလိုက်ရင် ပိုတောင် စိတ်ပျက်မိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Sony ဟာ Trailer လေးပဲ တင်ရမယ့် အစား ဇာတ်ကားတကားလုံးစာကို YouTube ပေါ် မှားတင်လိုက်မိလို့ ဖြစ်ပါတယ်။
Sony ကုမ္ပဏီရဲ့ တရားဝင် YouTube channel ဖြစ်တဲ့ Sony Pictures Entertainment ဟာ အလွန်ဆုံး ၃ မိနစ်လောက်ပဲ ရှိရမယ့် Trailer အစား တနာရီခွဲထိ အဆုံးပါတဲ့ ရုပ်ရှင်တကားလုံးကို မှားတင်မိခဲ့တာပါ။ ၃ မိနစ်စာနဲ့ တကားလုံးစာကို ဘယ်လိုမှားခဲ့လဲတော့ သေချာမသိရသေးပါဘူး။
YouTube ပေါ်မှားတင်မိခဲ့တဲ့ “Khali the Killer” ဟာ DVD ၊Blu-ray ခွေနဲ့ Streaming ထွက်ရှိပြီးသား ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ Sony ဟာ အဆိုပါ အခွေဗားရှင်းတွေကို ရောင်းအားမြှင့်တင်ဖို့အတွက် YouTube ပေါ်မှာ Trailer တင်ရင်း၊ အခုလို မမျှော်လင့်ထားတဲ့ ပြဿနာ ဖြစ်သွားခဲ့တာပါ။
အဆိုပါ YouTube Link ကို Sony ဘက်က သိသိချင်း ပြန်ဖြုတ်ချခဲ့ပေမယ့်၊ ကြားထဲမှာ ၇ နာရီလောက် ကြာသွားတဲ့အတွက် သိလိုက်တဲ့သူတွေကတော့ အခမဲ့ကြည့်ခွင့် ရသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုအချိန် Link ကို သွားကြည့်ရင်တော့ Black Screen ပဲ မြင်ရတော့မှာပါ။
Sony ရဲ့ အဖြစ်အပျက်ကို Reddit ပေါ်မှာ နောက်ပြောင်နေကြပြီး၊ အသုံးပြုသူတယောက်က ” တကားလုံး သိနေရတဲ့ Trailer ကြီးပါကွာ” လို့ သရော်ထားပါတယ်။ နောက်ထပ် အသုံးပြုသူ တယောက်ကတော့ ” ဒါက Trailer ပဲ ရှိပါသေးတယ်၊ တကားလုံးဆို ၄ နာရီလောက် ကြာမှာ” လို့ ရေးသားထားပါတယ်။
Sony ကို အခုအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ဆက်သွယ်ထားပေမယ့်၊ အခုအချိန်ထိ အကြောင်း မပြန်သေးဘူးလို့ သိရပါတယ်။
Ref: Cnet, CBR
The post Trailer အစား ရုပ်ရှင်ကား တကားလုံးကို YouTube ပေါ် မှားတင်မိခဲ့တဲ့ Sony appeared first on ဧရာဝတီ.