Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကာတွန်းရုပ်ရှင် မကြိုက်သူတွေပါ အကြိုက်တွေ့စေမယ့် “Your Name” Anime ရုပ်ရှင်

$
0
0

ဒီတခါမှာတော့ IMDB Rating (8.4) ထိ ရရှိထားတဲ့ ဂျပန် Animation ရုပ်ရှင်ကားကောင်းတကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

Your Name (ဂျပန်လို kimi no na wa) ဆိုတဲ့ Anime ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ Makoto Shinkai က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးထားတာ ဖြစ်ပြီး နိုင်ငံတကာမှာ ဝင်ငွေအကောင်းဆုံး Anime ရုပ်ရှင်အဖြစ် စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတကားပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာရော နိုင်ငံတကာမှာပါ အောင်မြင်ခဲ့ပြီး Box office မှာပါ ဝင်ငွေစံချိန်တင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း အကျဉ်းကတော့ နယ်မြို့လေးတမြို့မှာ Mitsuha ဟာ အဘွားဖြစ်သူ၊ ညီမဖြစ်သူတို့နဲ့ အတူတကွ နေထိုင်ပြီး စောင့်ထိန်းရ လွန်းတဲ့ မိသားစုဓလေ့တွေနဲ့ ခေါင်လွန်းလှတဲ့ သူမတို့နယ်မြို့လေးကြောင့် တောရွာလေးမှာနေဖို့ စိတ်ကုန်နေသူပါ။

တရက်မှာတော့ Mitsuha တယောက် အိပ်မက်ထဲမှာ သူမဖြစ်ချင်တဲ့ တိုကျိုမြို့မှာနေပြီး ကျောင်းတက်တဲ့ Taki ဆိုတဲ့ ကောင်လေးတယောက်အဖြစ် ဖြစ်ခွင့်ရခဲ့ပြီး Taki ဟာလည်း အိပ်မက်ထဲမှာတော့ နယ်မြို့လေးက Mitsuha ဖြစ်နေခဲ့ပါတယ်။

ထူးဆန်းတာကတော့ သူတို့နှစ်ယောက် ဒီလိုမျိုးနေရာချင်းလဲပြီး ဖြစ်နေတာဟာ အိပ်မက်ထဲမှာတင်မဟုတ်ဘဲ တကယ့် အပြင်မှာပါ နေရာချင်းလဲနေတာ ဖြစ်တာကို သိလိုက်ရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဘဝဟာ ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

ထူးခြားဆန်းကြယ်မှုတွေ အပြည့်နဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းမှာ နှစ်ပေါင်း ၁၂၀၀ မှာမှ တကြိမ်သာ ကမ္ဘာမြေပေါ်ကို ဖြတ်သန်းတဲ့ ကြယ်တံခွန်တခုက သက်ရောက်မှုရှိနေပြီး ဇာတ်ကားအစကနေ အဆုံးအထိ ကြည့်ရှုသူကို ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတကားဖြစ်တယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်းတွေဟာ ဂျပန်နိုင်ငံမှာ နာမည်ကြီးအောင်မြင်တဲ့ သီချင်းတွေဖြစ်ပြီး စာရေးသူကတော့ ဇာတ်လမ်းပြီးသွားတဲ့အခါ သီချင်းတွေကို ပြန်ရှာပြီး နားထောင်ရတဲ့အထိကို ဖြစ်ရပါတယ်။

ဒါရိုက်တာ Makoto Shinkai ရိုက်ကူးတဲ့ ဇာတ်ကားတွေနဲ့ ရင်းနှီးနေသူတွေကိုတော့ ဒီဇာတ်ကားကို အထူး ညွှန်းစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။ Animation ပိုင်းမှာရော ဇာတ်လမ်းပိုင်းမှာပါ ကောင်းမွန် လွန်းတာကြောင့် ကြည့်ဖြစ်အောင် ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

The post ကာတွန်းရုပ်ရှင် မကြိုက်သူတွေပါ အကြိုက်တွေ့စေမယ့် “Your Name” Anime ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343