တချိန်တခါက အနုပညာလောကထဲမှာ သရုပ်ဆောင်တယောက်အနေနဲ့ ပရိသတ်သိခဲ့တဲ့ လှမျိုးသဉ္ဇာနွယ်ဟာ လက်ရှိမှာ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်နေပြီး ဘယ်လို ဇာတ်ရုပ်ပဲဖြစ်ဖြစ် အနုပညာတခုကို လုပ်ခွင့်ရတယ်ဆိုတဲ့ စိတ်နဲ့ ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ ရွေးချယ်တယ်ဆိုတာထက် မရွေးတော့ဘူးပေါ့။ ကိုယ့်ဆီရောက်လာတယ်ဆိုကတည်းက ကိုယ့်ပုံစံကို သိပြီးသား။ ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်သရုပ်ဆောင်မှုကို သိပြီးသား၊ ကိုယ့်ကိုသိပြီးမှ ရောက်လာတာဆိုတော့ ထူးပြီးတော့ မရွေးတော့ဘူး။ ဘာလေးပဲဖြစ်ဖြစ် အနုပညာတခုကို လုပ်ခွင့်ရတယ်ဆိုတဲ့ စိတ်ကလေးနဲ့ပဲ ရိုက်ဖြစ်နေပါတယ်” လို့ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်က ပြောပါတယ်။
လှမျိုးသဉ္ဇာနွယ်က လတ်တလောမှာလည်း “ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင်ကားကြီး ပါဝင်သရုပ်ဆောင်နေပြီး ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး နဲ့လည်း မောင်ဖြစ်သူကို ဇာတ်ကားများ ထုတ်လုပ်ရိုက်ကူး ပေးလျက်ရှိတယ်လို့ သိရပါတယ်။
“ထုတ်လုပ်ရေးကတော့ တော်တော်တော့ ခေါင်းစားတယ်။ သရုပ်ဆောင်တာနဲ့တော့ မတူဘူး။ ဟိုအရင် တကား ထုတ်ပြီးကတည်းက နောက်ပိုင်းထုတ်လုပ်ရေးကို အာရုံမစိုက်နိုင်ဘူး။ မလုပ်ချင်ဘူးပေါ့နော်။ ကြားထဲမှာ VCD လည်း ထုတ်လိုက်သေးတယ်။ ခေါင်းစားတဲ့ ဒဏ်ကိုမခံနိုင်လု့ိ မလုပ်ဖြစ်ခဲ့ဘူး။ တခြားစီးပွားရေးတွေပဲ လုပ်ဖြစ်ခဲ့တယ်။ ထုတ်လုပ်ရေးနဲ့သရုပ်ဆောင်ဆိုရင် သရုပ်ဆောင်ကပိုကောင်းပါတယ်” လို့ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် က ပြောပါတယ်။
သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်က ယခုအချိန်မှာ သမီးလေးတယောက်ရဲ့မိခင်ဖြစ်နေပြီး သမီးလေးနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။
“သမီးလေးက အမေကို အရမ်းကပ်တယ်။ မိခင်တယောက်အနေနဲ့တော့ ပျော်တာပေါ့နော်။ ဒါပေမယ့် အလုပ်လုပ်ရတဲ့ အခါမှာတော့ အာရုံတွေများရတာပေါ့။ အခု သူ့ကို ကျောင်းပို့လိုက်တဲ့ အခါကျတော့ အဆင်ပြေ သွားတယ်။ သူလည်းကျောင်းမှာ ပျော်နေတယ်” လို့ပြောပါတယ်။
သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း သရုပ်ဆောင်အလုပ်ကို မလုပ်တော့ဘဲ စီးပွားရေးလုပ်ငန်းများကိုသာ လုပ်ကိုင်လျက်ရှိပြီး ယခုနောက်ပိုင်းမှာတော့ ဇာတ်ကားရိုက်ကူးမှုများကို ပြန်လည်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။
The post အနုပညာကို လုပ်ခွင့်ရတယ်ဆိုတဲ့ စိတ်နဲ့ ဇာတ်ကားတွေ ပြန်ရိုက်နေတဲ့ လှမျိုးသဉ္ဇာနွယ် appeared first on ဧရာဝတီ.