ဟောလိဝုဒ်မင်းသား Tom Cruise က “Mission: Impossible” နောက်ဆက်တွဲရုပ်ရှင်မှာ ပရိသတ်ကို တကယ်ဖြစ်နေသလို ခံစားစေချင်တဲ့အတွက် ရုပ်ရှင်မှာပါဝင်တဲ့ စတန့်ပြကွက်တွေကို နှစ်ခါ ထပ်မလုပ်ဘဲ တကြိမ်တည်းနဲ့ အပြီးဆောင်ရွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
“Mission: Impossible – Fallout” ရုပ်ရှင်ဟာ ဆဋ္ဌမမြောက် စပိုင်အက်ရှင် ဇာတ်လမ်းဖြစ်ပြီး အေးဂျင့် Ethan Hunt အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Cruise နဲ့အတူ သရုပ်ဆောင်တွေဖြစ်တဲ့ Simon Pegg, Rebecca Ferguson, Henry Cavill နဲ့ Alec Baldwin တို့လည်း ပါဝင်ကြပါတယ်။
ဝင်ငွေမြင့်မားစွာ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတွေရဲ့ နောက်ဆုံး ရုပ်ရှင်ပရိုမိုးရှင်းအတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မင်းသား Cruise က “ကျနော်က ရုပ်ရှင်တွေမှာ လက်တွေ့ဆန်တဲ့ အက်ရှင်တွေ ကို ကြိုက်ပါတယ်။ ပြီးတော့ ကျနော်တို့ဟာ လူတွေမရောက်နိုင်တဲ့ နေရာတွေမှာ ကင်မရာတွေကို ထားနိုင်ပါတယ်”
“ပြီးတော့ ရုပ်ရှင်ဟာ တကယ်ဖြစ်နေတယ်ဆိုတဲ့ ကွဲပြားတဲ့ ခံစားချက်လည်း ရရှိပါတယ်။ ကျနော်က ပရိသတ်တွေကို အဲဒီလိုမျိုး အတွေ့အကြုံတွေထဲ ပျော်နေစေလို့ စိတ်ဝင်စားပါတယ်။ ပရိသတ်တွေက ကျနော့်ရဲ့ ရုပ်ရှင်ကို ကြည့်စေ ချင်တာမဟုတ်ဘဲ ခံစားစေချင်တာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒါရိုက်တာ Christopher McQuarrie ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်မှာတော့ အေးဂျင့် Hunt နဲ့ သူ့ရဲ့ အဖွဲ့ဟာ သူတို့ ထမ်းဆောင်နေရတဲ့ မစ်ရှင်မှာ အမှားအယွင်းဖြစ်ခဲ့ပြီးတဲ့နောက် အခိုးခံလိုက်ရတဲ့ ပလူတိုနီယမ်ကို ပြန်လည်ရရှိဖို့ အချိန်နဲ့တပြေးညီ ပြန်လည်ကြိုးပမ်းရတဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ထဲမှာတော့ အသက် ၅၆ နှစ်အရွယ် မင်းသားဟာ အမြင့်မီတာ ၇၆၀၀ မှာ ပျံသန်းနေတဲ့ စစ်တပ်ထောက်ပို့ လေယာဉ် တံခါးကနေ ခုန်ချရတာ၊ တောင်တန်းတွေကြားဖြတ်သန်းပြီး ရဟတ်ယာဉ်ကို မောင်းပြရတာနဲ့ ပဲရစ်မြို့တော် ဗဟိုမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေတုန်း မော်တော်ဆိုင်ကယ်ကို ဦးထုပ်မပါဘဲ စီးနင်းရတာတွေကို သရုပ်ဆောင်ထား ပါတယ်။
ဒါ့အပြင် မင်းသား Crusie ဟာ ကင်မရာရှေ့မှာ “HALO” ဆိုတဲ့ ကောင်းကင်ပေါ်ကနေ လေဟုန်စီးခုန်ချရတဲ့ ပြကွက်ကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ပထမဆုံးမင်းသားဖြစ်လာခဲ့ပါတယ်။ “HALO” ဆိုတာကတော့ ရန်သူတွေ ထောက်လှမ်းခံ ရမှာကို ရှောင်ရှားတဲ့ နည်းလမ်းတခုအနေနဲ့ အဆင့်မြင့်လေ့ကျင့်ထားတဲ့ စစ်တပ်အရာရှိတွေသာ လုပ်ဆောင်လေ့ရှိတဲ့ ပြကွက်လည်း ဖြစ်ပါတယ်။
လန်ဒန်မှာ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းမှာ အဆောက်အဦနှစ်ခုကြား ခုန်ချဖို့ ကြိုးစားရင်း မင်းသားဟာ ခြေကျင်းဝတ်လည်း ကျိုးခဲ့ရပါတယ်။
ဘယ်အချိန်အထိ အခုလိုမျိုး အန္တရာယ်များတဲ့ စတန့်ပြကွက်တွေကို ဆက်လုပ်နေမှာလဲဆိုတဲ့ မေးခွန်းကိုတော့ မင်းသား Crusie က “ကျနော်မသိပ်ဘူး။ ကျနော်လုပ်နိုင်သလောက်အမြဲတမ်းလည်း ဖြစ်နိုင်ပါတယ်။ ကျနော် အဲဒီလိုမျိုးလုပ်ရတာ သဘောကျပါတယ်” လို့ ပြုံးပြီး ပြောကြားခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲကိုတော့ မင်းသားတွေဖြစ်ကြတဲ့ Henry Cavill နဲ့ Simon Pegg တို့လည်း တက်ရောက်ခဲ့ ကြပါတယ်။ “Mission: Impossible – Fallout” ရုပ်ရှင်ကိုတော့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
Ref:Yonhap
The post “Mission-Impossible” စတန့်ပြကွက်တွေကို တကြိမ်တည်းအပြီးလုပ်ခဲ့တဲ့ မင်းသား Tom Cruise appeared first on ဧရာဝတီ.