“Running Man” အစီအစဉ်မှာ “Mission: Imposible – Fallout” ရုပ်ရှင်အဖွဲ့သားတွေဖြစ်တဲ့ Tom Cruise, Henry Cavill နဲ့ Simon Pegg တို့ပါဝင်ထားတဲ့ အပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ နာမည်ကျော် ကြားတဲ့ ဟောလိဝုဒ်မင်းသား ၃ ယောက်ဟာ အခုလိုမျိုး ရသစုံဂိမ်းအစီအစဉ်မှာ ပါဝင်ပြီး အစီအစဉ်မှာ ပါဝင်နေကျ အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
သူတို့ပါဝင်ထားတဲ့ အဲဒီအစီအစဉ်ကို SBS ရုပ်သံလိုင်းကနေ ဇူလိုင်လ ၂၂ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပြီး အခုလိုမျိုး ပါဝင်ခဲ့ကြတာကို အဖွဲ့ဝင်တွေက အတော်လေး အံ့အားသင့်ခဲ့ကြရတာကို တွေ့ရပါတယ်။
မင်းသား Tom Cruise က “ကျနော်တို့ဟာ ရဟတ်ယာဉ်ကိုလည်း တိုက်ရိုက်မောင်းနှင်ဖူးပြီး အပေးမယူမျှတဲ့ အတွက် ဘာကိုမှ ကြောက်ဖို့ မလိုပါဘူး။” လို့ အစီအစဉ် မစခင်မှာ ပြောဆိုခဲ့ပေမယ့် ရိုက်ကူးပြီးချိန်မှာတော့ သူက “တော်တော်လေးကို ရယ်ရတယ်” လို့ ပြောကြားခဲ့ပါတယ်။
Running Man အဖွဲ့သားတွေကလည်း Mission: Imposible အဖွဲ့သားတွေနဲ့အတူ အချိန်အကြာကြီး မရှိနေလိုက်ရတာကို နှမျောမိတဲ့အကြောင်း ပြောဆိုကြပါတယ်။
အဲဒီအစီအစဉ် ထုတ်လုပ်မှုဒါရိုက်တာ Jung Cheol Min က “Mission: Impossible – Fallout” မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုရီးယားကို ပရိုမိုးရှင်းအတွက် လာမယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် အစီအစဉ်မှာ ပါဝင်ဖို့ ကျနော်တို့ သူတို့ကို ဆက်သွယ်ခဲ့ပါတယ်။ အခုလိုမျိုး ကိုရီးယားရသစုံ အစီအစဉ်တခုမှာ ပါဝင်ဖို့ စဉ်းစားထားတဲ့အကြောင်း ပြန်ပြောခဲ့ပြီးတော့ နှစ်ဖက်လုံးက ဖြစ်ချင်တဲ့ ဆန္ဒရှိရင် ဖြစ်လာနိုင်အောင် ဖန်တီးလို့ရ တဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဟောလိဝုဒ်မင်းသား ၃ ယောက်ဟာ ကျပ်တည်းတဲ့ အချိန်ဇယားကြားထဲမှာ “Running Man” အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့ခြင်း ဖြစ်ပြီး အစီအစဉ်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့ကလည်း ဂိမ်းအစီအစဉ် အပါအဝင် သူတို့နဲ့ အင်တာဗျူး အစီအစဉ်အားလုံးပြီးဆုံးဖို့ ၁ နာရီ နီးပါးလောက်သာ အချိန်ရခဲ့တယ်လို့ ဆိုပါတယ်။
ဆော့မယ့် ဂိမ်းစာရင်းအထိ ပြင်ဆင်ထားခဲ့ပေမယ့် မင်းသားတွေရဲ့ အေဂျင်စီတွေနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေဘက်ကနေ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတို့လိုအပ်မယ့် ဂိမ်းတွေကို ဖယ်ထုတ်ပေးဖို့ ပြောလာရင် ဖယ်ပေးဖို့အထိ လိုက်လျောပေးခဲ့ကြပါတယ်။
အခုလိုမျိုး ပါဝင်ခဲ့ကြတဲ့ မင်းသားတွေထဲမှာ Simon Pegg ဟာ အခုလိုမျိုး ရသစုံအစီအစဉ်နဲ့ လိုက်ဖက်မှုအရှိဆုံး ပြသနိုင်ခဲ့သူ ဖြစ်တဲ့ အကြောင်း ထုတ်လုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။
Ref:soompi
The post “Running Man” အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ Tom Cruise နဲ့ အဖွဲ့သားများ appeared first on ဧရာဝတီ.