ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်၊ မေလမှာ ရုံတင်ပြသခဲ့တဲ့ ဖြစ်ရပ်မှန် အိန္ဒိယ သမိုင်း နောက်ခံအက်ရှင် ရုပ်ရှင် “Parmanu: The Story of Pokhran” ဖြစ်ပြီး ဒီကားကို ဒါရိုက်တာ Abhishek Sharma က ရိုက်ကူးပေးထားပါတယ်။
Zee Studios နဲ့ JA Entertainment တို့ကနေ ထုတ်လုပ်ထားပြီး ၁၉၉၉ ခုနှစ်တုန်းက Pokhran မြို့မှာ အိန္ဒိယစစ်တပ်က လုပ်ဆောင်ခဲ့တဲ့ နျူကလီးယား ဗုံးစမ်းသပ်မှုအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ မင်းသား John Abraham နဲ့ မင်းသမီး Diana Penty တို့က ဦးဆောင် ပါဝင်ထားပြီး Boman Irani နဲ့ Anuja Sathe တို့လည်း ဇာတ်ပို့အဖြစ် ပါဝင်ထားကြပါတယ်။
“Parmanu” ရုပ်ရှင်ကို မူလက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ် ထားခဲ့ပေမယ့် “Padmaavat” ရုပ်ရှင်ပြသချိန်နဲ့ တိုက်ဆိုင်နေလို့ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်သူ တွေဖြစ်တဲ့ Abraham နဲ့ KriArj Entertainment တို့ကြားမှာ ပဋိပက္ခတွေ ရှိခဲ့တဲ့အတွက် ထပ်မံရွှေ့ဆိုင်း ခဲ့ရပြန်ပါတယ်။
အဲဒီနောက် အခုနှစ် မေလ ၂၅ ရက်နေ့မှာ ဖြန့်ချိပြသခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Atal Bihari Vajpanyee ရဲ့ အုပ်ချုပ်မှုအတွင်း ဒေါက်တာ APJ Abdul Kalam ကဦးဆောင်ပြီး Pokharn မြို့မှာ ဒုတိယ အကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့ပုံကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်ကို ၁၉၉၅ ခုနှစ် အချိန်ကာလတခုမှာ စတင်ထားပြီး အဲဒီအချိန်မှာ တရုတ်နိုင်ငံဟာ နျူကလီးယား စမ်းသပ်မှု ၄၃ ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံကတော့ ၁၉၇၄ ခုနှစ်မှာ နျူကလီးယား စမ်းသပ်မှုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တာ တခုပဲ ရှိပါတယ်။ အဲဒီတုန်းကလည်း တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို ခံခဲ့ရ ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် ရုံးကလည်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို လျှော့ချနိုင်ဖို့ ပြောင်းလဲမှုတွေကို ဆွေးနွေးခဲ့ကြပြီး Capt Ashwat Rana က နျူကလီးယား စမ်းသပ်မှုတွေကိုလုပ်ဆောင်ဖို့ အစီအစဉ်တခုကို အကြံပြုခဲ့ပေမယ့် တချို့ဝန်ကြီး တွေရဲ့ မသိကျိုးကျွံပြုတာကို ခံခဲ့ရပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ လက်ထောက်က ဝန်ကြီးချုပ်ကို အစီရင်ခံတဲ့ နေရာမှာ တဝက်တပျက် လောက်သာ တင်ခဲ့ပြီး စမ်းသပ်မှုလုပ်ဆောင်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ နောက်တော့ အဲဒီအစီအစဉ် မအောင်မမြင်ဖြစ်ခဲ့ပြီး Ashwath တယောက်ကတော့ အပြစ်တင်ခံခဲ့ရတဲ့အပြင် အလုပ်ပါ ထုတ်ခံ လိုက်ရပါတယ်။
၃ နှစ်ကြာပြီးတဲ့နောက် ၁၉၉၈ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်တဦး ကျမ်းသစ္စာ ကျိန်ဆိုပြီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ တနေ့တော့ Ashwath ထံကို ဒေလီတက္ကသိုလ်မှာ စာသင်ကြားဖို့ ကမ်းလှမ်းချက် တခုရရှိခဲ့ပြီး အဲဒီကမ်းလှမ်းချက်ဟာ ၁၉၉၅ ခုနှစ်တုန်းက မအောင်မမြင် ဖြစ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှု အစီအစဉ်ကို စုံစမ်းဖို့ အသစ်ခန့်အပ် ခဲ့လိုက်တဲ့ လက်ထောက်ထံကနေ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဂြိုဟ်တုတွေကနေ ထောက်လှမ်းရေးတွေကနေ ရှောင်ရှားပြီး လျှို့ဝှက် လုပ်ဆောင်ဖို့ အစီအစဉ်တခုကို လုပ်ဆောင်ဖို့ အခွင့်အရေးကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် နျူကလီးယား စမ်းသပ်မှုကို လျှို့ဝှက်လုပ်ဆောင်နိုင်ဖို့ အဖွဲ့တခုကို ဖွဲ့စည်းခိုင်းခဲ့ပါတယ်။ Pokran မြို့မှာ နျူကလီးယား စမ်းသပ်မှုလုပ်ဆောင်ဖို့ စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်နဲ့ ပါကစ္စတန် စပိုင်တွေရဲ့ သတိထားစောင့်ကြည့်တာကို ခံခဲ့ရပါတယ်။
သူတို့အဖွဲ့ဟာ စိန်ခေါ်မှုပေါင်း များစွာနဲ့ ရင်ဆိုင်ရပြီး နောက်မှာတော့ ဒီနေ့ခေတ်မှာ တွေ့မြင်နေကြရတဲ့ စူပါနျူကလီးယား စွမ်းအားပိုင်ရှင် အိန္ဒိယနိုင်ငံ ဖြစ်လာစေဖို့ ဘယ်လို ရုန်းကန်ခဲ့ကြရတဲ့ ဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုကြရမှာပါ။
IMDB Rating (8.6) ရရှိထားတဲ့ ဇာတ်ကားကောင်း တကား ဖြစ်လို့ မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
The post အိန္ဒိယနိုင်ငံရဲ့ လျှို့ဝှက်နျူကလီးယား စမ်းသပ်ရေး အစီအစဉ် ဖြစ်ရပ်မှန် ရုပ်ရှင် “Parmanu” appeared first on ဧရာဝတီ.