ဟောင်ကောင်မင်းသား Andy Lau က “My Love Andy Lau World Tour 2018/2019” ဆိုတဲ့ နာမည်နဲ့ ကျင်းပမယ့် နယ်လှည့်ဖျော်ဖြေပွဲအတွက် ဆောင်ပုဒ်နဲ့ ပိုစတာကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
အသက် ၅၆ နှစ်အရွယ် မင်းသား Lau ဟာ လူဦးရေ ၁၂၅၀၀ ဆန့်တဲ့ Hong Kong Coliseum မှာ ဖျော်ဖြေပွဲအခု ၂၀ နဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ အဆိုတော်-မင်းသား Lau ဟာ တရုတ်နိုင်ငံမှာလည်း သူ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဖျော်ဖြေပွဲအတွက် ပိုစတာမှာတော့ အသက် ၅၄ နှစ်အရွယ် ပေကျင်းအခြေစိုက် ပန်းချီဆရာ Zeng Fanzhi ရေးဆွဲ ပေးထားတဲ့ အရောင်စုံသူ့ရဲ့ပုံတူပန်းချီပါရှိပါတယ်။ တရုတ်နိုင်ငံက နာမည် ကျော်ကြားတဲ့ ခေတ်ပြိုင် ပန်းချီဆရာ Zeng ရဲ့ အနုပညာလက်ရာမြောက် ပစ္စည်းတွေဟာ ဒေါ်လာသန်းနဲ့ချီပြီး အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဥပမာတွေလည်း ရှိခဲ့ပါတယ်။
ဥပမာဆိုရင် “Mask Series No.6” ဆိုတဲ့ ပန်းချီကားဟာ ကန် ဒေါ်လာ ၉ ဒဿမ ၆ သန်းနဲ့ ၂၀၀၈ ခုနှစ်မှာ ရောင်းထွက်ခဲ့သလို “The Last Supper” ဆိုတဲ့ ပန်းချီကား ဟာလည်း ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၂၃ ဒဿမ ၃ သန်းနဲ့ ရောင်းထွက်ခဲ့ဖူးပါတယ်။
သူ့ဖျော်ဖြေပွဲရဲ့ အဓိကကျတဲ့ ပုံကို ရေးဆွဲပေးခဲ့တဲ့ အနုပညာရှင် Zeng နဲ့ ခင်မင်မှုအကြောင်းကိုတော့ မင်းသား Lau ကအခုလိုပြောပါတယ်။
“ကျနော် Fanzhi ကို သိတာ ၁၀ နှစ်ကျော်လောက်ရှိပါပြီ။ အခုအချိန်တုန်းကတော့ ကျနော်က ဆီဆေးပန်းချီလေ့လာ ချင်ခဲ့တာပါ။ ကျနော် ပေကျင်းမှာ ရုပ်ရှင်ရိုက်နေခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်တို့ဟာ သူနဲ့ ကျနော်နဲ့ကြားက မိတ်ဆွေတဦးက မိတ်ဆက်ပေးခဲ့ပြီး ကျနော် Fanzhi ရဲ့ အလုပ်ခန်းကို သွားရောက်လည်ပတ်နိုင်ခဲ့ပါတယ်။ ကျနော် သူ့ဆီကနေ တကယ်သင်ယူချင်ခဲ့တာပါ။ ဒါပေမယ့် ကျနော် အဲဒီအချိန်တုန်းက ပြောမထွက်ခဲ့ပါဘူး။ တနေ့ကျရင်တော့ သူနဲ့အတူ ပန်းချီဆွဲ သင်နိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Hong Kong Heavenly King (ဟောင်ကောင်ရဲ့ကောင်းကင်ဘုရင်) လို့ တင်စားကြတဲ့ မင်းသား Lau ဟာ ဒီနှစ်ကုန်ပိုင်း Hong Kong Coliseum မှာကျင်းပမယ့် ဖျော်ဖြေပွဲတွေအတွက် ၂၀၁၇ ခုနှစ် ကတည်းက အစီအစဉ် ဆွဲခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံမှာ လုပ်ခဲ့တဲ့ ဖျော်ရည်ယမကာကြော်ငြာ ရိုက်ကွင်းတခုမှာ မြင်းစီးနေစဉ် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့လို့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
မင်းသား Lau ဟာ မြင်းပေါ်ကနေ ပြုတ်ကျခဲ့ပြီး ကျောရိုးထိခိုက်မှုဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် တင်ပါးဆုံရိုး ကျိုးတာနဲ့ ကြွက်သားနာကျင်မှုတွေကြောင့် အနုပညာ လောကကနေ ခေတ္တ အနားယူခဲ့ပါတယ်။
၁၉၈၁ ခုနှစ်ကနေ စပြီး အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ မင်းသား Lau ဟာ Album ပေါင်း ၆၁ ချပ်၊ ရုပ်ရှင်ပေါင်း ၁၇၂ ခုနဲ့ ရုပ်သံစီးရီး ၂၈ ခုကို ဖြန့်ချိခဲ့ပါတယ်။ ဂီတဆုပေါင်း ၃၀၀ ကျော်ကို ရရှိခဲ့ဖူးပြီး “Running Out Of Time (1999), A Fighter’s Blues (2000), Running On Karma (2003), Infernal Affairs III (2003), Protege (2007) နဲ့ A Simple Life (2011)” ရုပ်ရှင် တွေမှာလည်း သရုပ်ဆောင်ထူးချွန်ဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။
Ref: asiaone
The post ကမ္ဘာလှည့် ဖျော်ဖြေပွဲလုပ်ဖို့ ရှိတဲ့ ဟောင်ကောင်မင်းသား Andy Lau appeared first on ဧရာဝတီ.