မင်းသား Johnny Depp ကသူ့ရဲ့ ဇနီးဟောင်း မင်းသမီး Amber Heard ဟာ သူတို့နှစ်ဦး အတူူတူရှိနေခဲ့စဉ်မှာ သူ့မျက်နှာကို လက်သီးနဲ့ ၂ ချက်ထိုးခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
People မီဒီယာရဲ့ အဆိုအရ အသက် ၅၅ နှစ်အရွယ် မင်းသားဟာ UK နိုင်ငံမှာ စွဲဆိုထားတဲ့ အသရေပျက်စေမှု တစိတ်တပိုင်း အနေနဲ့ တရားရုံး ထံတင်ပြတဲ့ စာရွက်စာတမ်းတွေထဲမှာ အဲဒီအကြောင်းကို ဖော်ပြထားတယ်လို့ People မီဒီယာက ဆိုပါတယ်။
“Pirates of the Caribbean” ရုပ်ရှင်မင်းသား Depp က အသက် ၃၂ နှစ်အရွယ် မင်းသမီး Heard ဟာ ၂၀၁၆ ခုနှစ် တုန်းက မင်းသမီးရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့မှာ ၂ နာရီ နောက်ကျပြီးမှ ရောက်ခဲ့တဲ့ အတွက် အခုလိုမျိုးသူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုထားတာပါ။
သူအိမ်ပြန်ရောက်လာခဲ့အခါ မင်းသမီး Heard က အေးတိအေးစက် ဆက်ဆံခဲ့ပြီး ဧည့်သည်တွေ ပြန်သွားတဲ့အခါ သူ့ကို စွပ်စွဲပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ မင်းသားက ပြောဆိုထားပါတယ်။
အခုလိုမျိုး ဖြစ်ရပ် ဖြစ်ပွားချိန်မှာ သူအရက်မသောက်ထားဘူးလို့ မင်းသား Depp က ဆိုပါတယ်။ အဲဒီတုန်းက အရက် သောက်ထားတဲ့ ဇနီးသည် Heard ဟာ ရန်လိုနေပြီး ဒေါသထွက်လာရာကနေ သူ့မျက်နှာကို လက်သီးနဲ့ ၂ ချက်ထိုးခဲ့တဲ့အတွက် လက်သီးနဲ့ ထပ်ထိုးမှာကို တားဖို့ ဇနီးရဲ့ လက်မောင်းကို ဆွဲဖမ်းလိုက်ပြီး ဆက်မထိုးဖို့ ပြောခဲ့တယ်လို့ဆိုပါတယ်။
မင်းသမီးရဲ့ ကိုယ်စားလှယ်တဦးကတော့ မင်းသားရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး အမှားတွေသာ ဖြစ်တဲ့ အကြောင်း ပြန်လည်ပြောဆိုထားပါတယ်။
အဲဒီကိုယ်စားလှယ်က “အဲဒီစွပ်စွဲချက်တွေက လုံးဝကို အမှားတွေပါ။ သူ့ရဲ့ စိတ်အခြေအနေကို နားလည်ဖို့ မစ္စတာ Depp အကြောင်းရေးထားတဲ့ Rolling Stone ဆောင်းပါးကို ဖတ်ဖို့ပဲ လိုပါတယ်။ မစ္စတာ Depp ဟာ လက်ရှိမှာ “City of Lies” ရိုက်ကွင်းနေရာမှာ မန်နေဂျာကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ အပါအဝင် နေရာတော်တော်များများမှာ တရားစွဲဆိုခံ ထားရပါတယ်။ အခြေအနေ တော်တော်များများမှာ မျက်မြင်သက်သေတွေက မစ္စတာ Depp ဟာ မစ္စ Heard ကို ကျူးလွန် ခဲ့တဲ့ နှိပ်စက်မှုတွေကိုပဲ မြင်တွေ့ထားတာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် –“ရုပ်ရှင်ရိုက်ကူးရေး ပြီးချိန်တိုင်း စိတ်ကျရောဂါ ခံစားခဲ့ရတယ်” ဆိုတဲ့ Johnny Depp
Ref: ptinews
The post ဇနီးဟောင်း Amber Heard က လက်သီးနဲ့ ထိုးခဲ့တယ်လို့ မင်းသား Johnny Depp စွပ်စွဲ appeared first on ဧရာဝတီ.