လတ်တလော သီချင်းရေးတဲ့ နေရာမှာ နာမည်ရနေတဲ့ တေးရေးဝေကြီးက သီချင်းရေးတဲ့အခါ အရင်ကနဲ့ မတူဘဲ တာဝန်ပိုကြီးလာတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အရင်တုန်းကတော့ ကျနော့် သီချင်းတွေကို ဘယ်သူဝယ်မယ်မှန်းလည်း မသိဘူးဆိုတော့ စိမ်ပြေနပြေ ရေးတယ်။ ဒီနေ့ပြီးရင်လည်းပြီး ကိစ္စမရှိဘူးပေါ့။ အခုကျတော့ ချက်ချင်း ပြီးသွားရင်တောင်မှ ဒီသီချင်းက ငါအမြန်ရေးလိုက်လို့ ကောင်းမှ ကောင်းပါ့မလားဆိုတဲ့ စိတ်က၊ သီချင်းတွေ အပေါ် ဖိစီးမှုက အချိန်တိုင်း များပါတယ်။ တာဝန်ကြီးလာတယ်ပေါ့။ အဲဒီတာဝန်ကြီးမှု အပေါ်လည်း စိတ်အေးလက်အေးနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားနေရတယ်”လို့ တေးရေး ဝေကြီးက ဧရာဝတီကို ပြောပါတယ်။
တေးရေး ဝေကြီးက အဆိုတော် ဖြိုးပြည့်စုံအတွက် ရေးပေးခဲ့တဲ့ “အသည်းကွဲ ဧည့်သည်”သီချင်း၊ “မောင်အရင် ထိုး”စတဲ့ သီချင်းတွေနဲ့ ပရိသတ်ရော၊ အဆိုတော်များပါ လက်ခံသွားတဲ့ တေးရေးဖြစ်ပြီး အချိန်တိုအတွင်း သီချင်းပုဒ်ရေ ၂၀၀ကျော်ခန့် ဖန်တီးထားသူလည်း ဖြစ်ပါတယ်။
မကြာခင်ကမှ ရုံတင်ထားတဲ့ “တိမ်တိုက်တံတား”ရုပ်ရှင်ဇာတ်ဝင်တေးကလည်း ဝေကြီးရဲ့ ပထမဆုံး ဇာတ်ဝင်တေး လက်ရာ ဖြစ်တဲ့အပြင် “ဒဏ္ဍာရီမိုး”ရုပ်ရှင်အတွက်လည်း ဇာတ်ဝင်တေး ရေးနေတယ်လို့ သိရပါတယ်။
ဝေကြီးက ပြီးခဲ့တဲ့လက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုခဲ့တဲ့ “တိမ်ငိုသောနေ့”သီချင်းကို အွန်လိုင်းကနေ တင်ပေးဖြစ်တာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။
“သီချင်းဆိုဖြစ်တယ် ဆိုတာကတော့ ပရော်ဖက်ရှင်နယ်ကြီးတော့ မဟုတ်ဘူးပေါ့နော်။ ပရိသတ် အတွက် မိုးသီချင်းလေးပေါ့။ “တိမ်ငိုသောနေ့” ဆိုတဲ့ သီချင်းလေးကို လက်ဆောင်အနေနဲ့ ဒီမိုးရာသီ စစချင်းလေးမှာ နားထောင်ဖို့ပေါ့။ သိပ်အများကြီးတော့လည်း မျှော်လင့်မထားပါဘူး။ အကောင်းဆုံး ဖန်တီးပြီးချပြတဲ့ သဘောလေးပါ။ အဓိကကတော့ သီချင်းရေးတဲ့ အလုပ်ပါ။ ရေးတဲ့ အလုပ်ကတော့ ဆက်တိုက် လုပ်ဖြစ်နေပါတယ်”လို့ ဝေကြီးက ဆိုပါတယ်။
လတ်တလော အွန်ုလိုင်းခေတ် ပြဿနာတခုအနေနဲ့ သံစဉ်၊ စာသား ဆင်တူရိုးမှား ကိစ္စတွေ ဖြစ်တတ်တဲ့အတွက် Own Tune သီချင်းတွေ သတိထားရေးဖွဲ့မှုပုံစံနဲ့ ပတ်သက်လို့လည်း တေးရေး ဝေကြီးက အခုလို ပြောပြပါတယ်။
“အွန်လိုင်းက တခုကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူးဗျ။ ကျနော်က ဝတ္ထုတွေ သိပ်မဖတ်ဘူး။ ဇာတ်ကားတွေတော့ တခါတလေ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေ ကြည့်တယ်ပေါ့။ အင်္ဂလိပ်သီချင်းတွေ သိပ်နားမထောင်ဘူး။ အဲဒါ မသိမသာ စိတ်ထဲမှာ စွဲသွားရင် ကျနော် ပုံဖော်တဲ့အခါမှာ ပါသွားနိုင်တယ်။ အဲဒါကြောင့် သိပ်နားမထောင်ဖြစ်ဘူး။ ကိုယ့်ဘာသာပဲ ရေးတယ်ပေါ့”
“အခုဆိုရင် ရေးတဲ့အပုဒ် ၂၀၀ ကျော်ပြီ။ ကိုယ့်အပုဒ်ကိုလည်း ကိုယ်ပြန်ရှောင်ရတာပေါ့နော်။ တော်ကြာ ရေးပြီးသား အပုဒ်နဲ့ သွားပြန်ဆင်နေတာမျိုး ဖြစ်မှာစိုးလို့။ နောက်တခြား တေးရေးဆရာတွေ ရေးထားတာတွေ၊ နောက်ကော်ပီတွေပေါ့။ အဲဒါတွေတော့ ကြောက်ရတယ်။ ကိုယ်မသိပေမယ့် မသိစိတ်ကနေ ပါသွားတာမျိုး ရှိတတ်တော့ အဲဒါတွေတော့ အတော်လေးသတိထားရတယ်”လို့ ဝေကြီးက ဆိုပါတယ်။
Own Tune တေးရေး တယောက်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီးလည်း ဝေကြီးကကြိုးစားနေဆဲ လူတယောက် ဖြစ်ပီး တာဝန်ပိုကြီးလာသလို အန္တရာယ်လည်း များလာတယ်လို့ ဆိုပါတယ်။ ဝေကြီးက အခုနောက်ပိုင်း အခွေတိုင်းလိုလိုမှာ ရေးပေးဖြစ်နေသလို စုံတွဲပါဝင် သီဆိုမှုတွေလည်း တွေ့ရတာကြောင့် တကိုယ်တော်သီချင်း သီဆိုဖို့ အပိုင်းကိုလည်း အခုလို ဆိုပါတယ်။
“အခုလိုပြောရင်တော့ ဆိုကြည့်ချင်တယ်။ ဒါပေမယ့် တပုဒ်လောက် Recording လုပ်ကြည့်တော့ မလုပ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း အားမရဘူး။ တကယ်လည်း အသံက မကောင်းဘူး ။ အသံက ကောင်းရင်တော့ ဆိုကြည့်ချင်တာပေါ့။ အဲဒီတော့ အလကားနေရင်း ဆုံးရှုံးရမှာ မလုပ်ချင်ဘူးပေါ့။ ဒါပေမယ့် မလုပ်ချင်သေးဘူးဆိုပေမယ့် ပြီးခဲ့တဲ့ တလောက ထုတ်လုပ်ရေး တခုနဲ့ပြောထားတာလေးရှိတော့ သီချင်းဆိုဖြစ်မလား မသိဘူး။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး”လို့ ဝေကြီးက ပြောပါတယ်။
အခု လောလောဆယ်တော့ ဝေကြီးက သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အသစ်လို့ ယူဆရတဲ့ ပုံစံမျိုးကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။ သီချင်းအနှေးလေးကိုပဲ စကားပြောတဲ့ပုံစံ၊ ဆိုက်ကိုဆန်ဆန် အသည်းကွဲတဲ့ အကြောင်းအရာတွေကိုပဲ ဖန်တီးချင်နေသေးပြီး အသည်းကွဲတဲ့ အကြောင်းတွေကိုပဲ ရေးရတာ အရသာရှိတယ်လို့ ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “တကိုယ်တော်ခွေထွက်နိုင်ဖို့ တော်တော်အချိန်ယူရဦးမယ်” ဆိုတဲ့ တေးရေးတေးဆို ဝေကြီး
The post “လူနည်းနည်း သိလာရင် သီချင်းရေးရတာ အန္တရာယ်များပြီး တာဝန်ပိုရှိလာတယ်” appeared first on ဧရာဝတီ.