လက်တလော လူမှုကွန်ရက် စာမျက်နှာများမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ပရိသတ်များက စိတ်ဝင်စားနေကြသလို Finalist ပြိုင်ပွဲဝင် နှစ်ယောက်ကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ရှိနေခဲ့တဲ့အပေါ် အဆိုတော် ဆုန်သင်းပါရ်က သူတို့နှစ်ဦးဟာ အရည်အချင်းရှိလို့ တက်လာကြတာ “နှစ်ယောက်ထဲက ဘယ်သူရရ အားပေးပြီးသားပါ” လို့ ပြောပါတယ်။
“Myanmar Idol က လောလောဆယ်ကတော့ တနိုင်ငံလုံးရဲ့ စိတ်ဝင်စားမှု အခံရဆုံးပေါ့။ သူတို့ အရမ်းအောင်မြင်ပါတယ်။ ကျမလည်း ဆိုဖူးတယ်။ ကျမဆိုတာတော့ Semi Final ပါ။ အဲ့ထဲမှာ ဇော်ကြီးလည်း ကောင်းတယ်။ ချမ်းမြေ့မောင်ချိုလည်း ကောင်းတယ်။ ဖြိုးမြတ်အောင်လည်း ကောင်းတယ်။ တော်လို့သာ ဒီအဆင့် ရောက်လာကြတာပေါ့” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
“တယောက်နဲ့ တယောက်ကိုတော့ ပရိသတ်အကြိုက် တူမှာ မဟုတ်ဘူး။ သူတို့မှာ မတူတဲ့ အရည်အချင်း အားလုံး ရှိတယ်။ မောင်ချိုဆိုလည်း တကယ့် အဆိုတော်တယောက် အနေနဲ့ နားထောင်လိုက်တာနဲ့ ဘယ်သူ့ အသံဆိုတာကို တန်းသိနိုင်တဲ့ အသံမျိုး သူ့မှာ ရှိတယ်။ အဆိုတော် တယောက် မရှိဖူးသေးတဲ့ အသံ သူ့မှာရှိတယ်” လို့ ဆုန်သင်းပါရ်က ဆိုပါတယ်။
“ဖြိုးမြတ်အောင်ဆိုလည်း သူ့မှာ ဘုရားပေးတဲ့အသံ ရှိတယ်။ ကျန်တဲ့အဆိုပါးနပ်မှုတွေက သူလိုရင် လိုနေလိမ့်မယ်။ သူနောက်ပိုင်း အတွေ့အကြုံတွေ များလာရင် သီချင်းတွေ ဒီထက်ကောင်းအောင် ဆိုလာနိုင်မယ်။ သူတို့အရည်အချင်း ရှိလို့ တက်လာတာလေ။ ဒီနှစ်ယောက်ထဲက ဘယ်သူရရ မဆုန်သင်း အားပေးပြီးသားပါ”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
ကျန်းမာရေး မကောင်းနေတဲ့ ချမ်းမြေ့မောင်ချိုကို ဆုန်သင်းပါရ်က ကြားရတာ စိတ်မကောင်းဖြစ်သလို အတိုက်အခိုက်တွေကို အားယူပြီး အကောင်းဆုံး လုပ်ဖို့လည်း ဆိုပါတယ်။
“အခုပြိုင်ပွဲဝင် ညီမလေး အခုလို ကျန်းမာရေး မကောင်းဖြစ်နေတာ စိတ်တော့ မကောင်းဘူး။ ၁၉ နှစ် ဆိုတာ လူငယ် တယောက်ပဲ။ မဆုန်သင်းတို့ သီချင်းစဆိုတုန်းကဆို ၁၉ နှစ်နဲ့ စဆိုတာ ပတ်ဝန်းကျင်ရဲ့ ကောလာဟလတွေကို တော်တော်ကို မခံနိုင်ဘူး။ ငယ်တဲ့အချိန်မှာလည်း ဖြစ်တတ်တယ်။ သီချင်းတိုက်တုန်းကတောင် ပြောလိုက်သေးတယ်။ နင့်တို့ Facebook တွေ မသုံးနဲ့ဦး။ အိပ်ရေးဝဝ အိပ်ပါလို့တောင် အားပေးလိုက်သေးတယ်” လို့ ဆုန်သင်းပါရ်က ဆိုပါတယ်။
“အခုလိုဖြစ်တော့ စိတ်မကောင်းဘူး။ Facebook ကလည်း တကမ္ဘာလေ။ ဆုန်သင်းဆို သိပ်လည်း မသုံးဘူး။ အဲဒီ Facebook ကိုကြည့်ရင် ကောင်းတာရှိသလို မကောင်းတာလည်း ရှိတဲ့အခါကျတော့ အဲဒါနဲ့ကင်းအောင် နေနိုင်ရင် အကောင်းဆုံးပေါ့လေ”
“အဲ့အတွက် စိတ်ထိခိုက်သွားတယ်။ ကြားရတော့လည်း စိတ်မကောင်းဘူး။ အားပေးချင်တယ်။ အတိုက်အခိုက်ဆိုတာ ဘယ်လောက ဘယ်အလုပ်မှာ မဆို ရှိတာပဲ။ အဲ့ထဲက အားယူပြီးတော့ အကောင်းဆုံး အခြေအနေကို ရင်ဆိုင် သွားပါလို့ပဲ ပြောချင်တယ်” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
ဖြိုးမြတ်အောင်နဲ့ ဆီမီးဖိုင်နယ်တုန်းက စုံတွဲဆိုဖူးတဲ့ အဆိုတော် ဆုန်သင်းပါရ်ပါက ဖြိုးမြတ်အောင်နဲ့ပတ်သက်ပြီး အခုလိုဆိုပါတယ်။
“ဖြိုးမြတ်အောင်က ရှက်တတ်တာပါပဲ။ ဆုန်သင်းနဲ့ ဆိုတဲ့အခါကျတော့ အခုမှ စုံတွဲ တွဲဆိုဖူးတာ။ သူ့ဟာသူ အရင်တုန်းက ဆိုခဲ့ရင် ဆိုခဲ့မယ်။ စုံတွဲဆိုရတော့သူလည်း ကြောက်တာပါ။ ဒီထက်မက အချိန်ပေးနိုင်ပြီးတော့ သီချင်းတိုက်တဲ့ ရက်တွေ ပိုရရင်တော့ ပိုဆိုနိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
အဆိုတော် ဆုန်သင်းပါရ်က လက်ရှိမှာ သားတယောက်၊ သမီးတယောက် မိခင် ဖြစ်ပြီး အနုအညာအလုပ်များကိုလည်း သမီးဖြစ်သူ နည်းနည်းကြီးလာရင် အချိန်ပေးကာ ပြန်လုပ်မယ်လို့ ဆိုပါတယ်။
The post “စုံတွဲဆိုတုန်းက ဖြိုးမြတ်အောင်က ရှက်တတ်တယ်” appeared first on ဧရာဝတီ.