အဆိုတော်ကော်နီက ငယ်ရွယ်စဉ် သီချင်းတွေတူတူဆိုခဲ့ကြတဲ့ ဂီတညီအမတွေက မိသားစုတွေလိုဖြစ်နေတာကြောင့် အရမ်းကိုပျော်ဖို့ကောင်းတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“မကော်တို့ ငယ်ငယ်တုန်းကနဲ့ အခုခေတ်နဲ့ အရမ်းကွာတာဘာလဲဆိုရင် ပွဲကိုအမြဲတမ်း အဖော်တယောက် ပါကိုပါရတယ်။ အရင်ခေတ်က ဟိုတယ်တွေဘာတွေရှားတယ်၊ ရှားရင်ဟိုတယ်တွေဘာတွေမှာနေရတာတာမျိုး၊ ကျောင်းတွေမှာ နေရတာ မျိုး၊ အိမ်ကြီးထဲတူတူနေရတာမျိုး သွားရင်လည်း အဲကွန်းဘတ်စ်တွေ ရှားတော့ အခက်အခဲတွေကို တူတူကျော်ဖြတ်ရတာ မျိုးတွေရှိတယ်”
“ စားစရာမရှိရင် အတူတူစားရတာမျိုး၊ ရေသန့်ဘူးတွေသယ်ရတာမျိုး၊ အိပ်ရာတွေ၊ ခြင်ထောင်တွေ သယ်ကြရတယ်။ အရမ်းချမ်းရင် စောင်တထည်ကို တူတူခြုံကြရတာမျိုးတွေနဲ့ အရမ်းနွေးနွေးထွေးထွေးနဲ့ မိသားစုလို ဖြတ်သန်းခဲ့ကြတယ်။ ညီအမတွေ စိတ်ကတောက်ကဆမဖြစ်ဘူးလားဆိုတော့ ဖြစ်တယ်။ဖြစ်ရင်လည်း ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ တခုခု ဖြစ်တယ်ဆိုလည်း ကိုယ့်မိသားစုဖြစ်သလို ခံစားရတယ်။ ညီမတွေနဲ့ကတော့ အမှတ်တရတွေများစွာပါပဲ ပြောပြလို့ကို မရပါဘူး ’’လို့ ကော်နီက ပြောပါတယ်။
အဆိုတော်ကော်နီက မျက်နှာနဲ့ ပတ်သက်ပြီး နုပျိုအောင်လုပ်တာတွေကို မလုပ်ရဲတာကြောင့်ငယ်ငယ်က ဖျက်ချင်ခဲ့တဲ့ မျက်နှာပေါ်က မှဲ့တောင်မဖျက်ဘူးလို့ ဆိုပါတယ်။
“မကော်တို့ မျိုးရိုးက တအားမဝဘူး။ အလုပ်အရမ်းလုပ်တယ်။ အလကားမနေဘူး။ အိမ်မှာလည်းကြောင်တွေ၊ ခွေးတွေရဲ့ သန့်ရှင်းရေးအလုပ်တွေလည်း လုပ်နေတော့ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ လေ့ကျင့်ခန်းဖြစ်နေတာ။ အရင်တုန်းက မကော် Gym အရမ်းဆော့တာ အခုမဆော့နိုင်တာ ၃ နှစ်လောက်ရှိပြီ။ ခါးနာနေလို့”
“ဟိုနေ့က ဆေးစစ်တာ ကိုလက်စထရောများတယ်တဲ့။ အဆီအဆိမ့်ကလည်း တအားစားတယ်။ မအိပ်တာကြောင့်လည်း ပါတယ်။အခုတော့ ဘဝမှာ အဝဆုံးအချိန်ပါ။ အခုအရမ်းဝနေတယ်။ အရင်ဆိုပေါင် ၁၀၀ တောင်မပြည့်ဘူး။ မကော်တို့ အသက် ၅၀ မှာ နည်းနည်းတော့ အိုတယ်ဆိုတာမျိုးတော့ဖြစ်တာပေါ့။ ခွဲစိတ်ပြီး နုပျိုအောင်လုပ်တာတွေ မလုပ်ရဲဘူး။ အစ်မအသားအရည်က Sensitive ဖြစ်တော့ မလုပ်ရဲဘူး။ လုပ်ဖို့လည်း စိတ်ကူးမရှိဘူး” လို့ ကော်နီက ဆိုပါတယ်။
ဆက်လက်ပြီး ကော်နီက “မကော်အရင်တုန်းကဘုန်းကြီးကို မေးဖူးတယ်။ မျက်နှာကမှဲ့ကြီးကို ဖျက်ချင်တယ်။ လူတွေကိုလည်း ငယ်ငယ်ထဲက ပုန်းနေလို့မရတဲ့ မျက်နှာလေ။ ကိုယ့်ကိုလူတွေကချစ်မယ့် ချစ်မွှေးပေါ့။ ကိုယ့်ရဲ့ Lucky ဖြစ်နေတော့ အဲ့မှဲ့လေးပါနေတာကိုဖျက်လိုက်ရင် ကိုယ့်ကံကြမ္မာက အစပြောင်းသွားတတ်တယ်ပေါ့။ ကိုယ့်တွေက ရှေးဆန်တော့ ဖျက်လိုက်ရင် တခုခုများဖြစ်သွားမလားဆိုပြီး မလုပ်ခဲ့တာရှိတယ်။ အဲ့တော့ မလုပ်ရဲဘူး” လို့ပြောပါတယ်။
အဆိုတော်ကော်နီဟာ သီချင်းပေါင်းများစွာကို သီဆိုနေပြီး တကိုယ်တော်သီချင်းခွေထွက်ဖို့လည်း သီချင်းသစ်တွေရှိတာကြောင့် မကြာခင်ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
The post “မကော် မျက်နှာပေါ်က မှဲ့လေးက ချစ်မွှေးပါ” appeared first on ဧရာဝတီ.