အဆိုတော် ထူးအယ်လင်းက လက်ရှိ သူပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို အရမ်း ကျေနပ်နေတယ်လို့ ပြောပါတယ်။ သမီးကြီး ဖြူဖြူစင်စင်လင်းကိုတော့ သူကပဲ စောင့်ရှောက်ထားတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။
“လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်။ ပြောင်းလဲသွားတာ ကတော့ ကလေး ၃ ယောက်အဖေ ဖြစ်သွားတာပေါ့။ သမီးကို ကျနော်ပဲ စောင့်ရှောက် ထားတယ်။ ပညာရေးကိုပဲ ဦးစားပေးခိုင်းထားတယ်။ လူရှေ့၊ သူရှေ့ ရုပ်လုံး သိပ်မထွက်စေချင်ဘူး။ အဆိုတော် မဖြစ်စေချင်ဘူး။ ဒါပေမယ့် သူက သီချင်းတအား ဆိုတယ်။ သီချင်းဆိုတာ သူဝါသနာပါပေမယ့် ပညာရေး Level တခုလောက် ရောက်ပြီး ကျနော် စိတ်ကျေနပ်မှ သီချင်းဆိုခိုင်းမယ်။ နောက်ထပ်သားလေး ၂ ယောက်ရှိတယ်။ သားသမီး သုံးယောက်ကို ကြည့်ရှုစောင့်ရှောက်နေတယ်’’ လို့ ထူးအယ်လင်းက ပြောပါတယ်။
သီချင်းတွေပဲ သီဆိုလေ့ရှိတဲ့ အဆိုတော် ထူးအယ်လင်းက “Special 9″ ရုပ်ရှင်မှာ လူဆိုးဂိုဏ်းခေါင်ဆောင် နေရာမှာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီရုပ်ရှင်ကို အဆိုတော် ယုန်လေးက အကူအညီတောင်းတာကြောင့် ဟိုဘက်ကမ်းက (တဖက်နိုင်ငံက) လူဆိုးကြီးအဖြစ် သရုပ်ဆောင်ဖြစ်တယ်လို့ မီဒီယာတွေကိုပြောပါတယ်။
“Special 9 ဇာတ်ကားမှာ ကျနော်ပါဝင် သရုပ်ဆောင်ထားတာ မဆိုးပါဘူး။ ကိုယ့်ကိုယ်ကိုတောင် အမြင်ကပ်တယ်။ ယုန်လေးက ကျနေ်ာ့ကို ဟိုဘက်ကမ်းက လူဆိုးကြီး လုပ်ပေးပါဆိုတာနဲ့ ကျနေ်ာလည်းရိုက်ပေးဖြစ်သွားတာ။ ကတုံးနဲ့ သရုပ်ဆောင်ဖြစ်တာက ရဲဒင်းအမှုနဲ့ ပတ်သက်ပြီးတော့ ၁ လ ထောင်ကျတယ်”
“၁ လ ထောင်ကျတော့ ဆံပင် ညှပ်လိုက်တယ်။ ပြီးတာ့ ကျနော် ဘုန်းကြီးဝတ်တယ်။ ၉ ရက် ပြန်ထွက်လာတော့ ကတုံးကြီးနဲ့ ပိုမိုက်တယ် ဆိုတာနဲ့ ကတုံးနဲ့ပဲ ရိုက်ဖြစ်သွားတာပါ။ နောက်ပိုင်းတော့ ကတုံးနဲ့ မဟုတ်တော့ပါဘူး။ ဆံပင်ရှည်ထားတော့မှာပါ” လို့ ထူးအယ်လင်းက ပြောပါတယ်။
ထူးအယ်လင်းဟာ “ဥယျာဉ်မှူး” ဆိုတဲ့ သီချင်းကို အွန်လိုင်းကနေ ဖြန့်ပေးသွားဖို့ ရှိပြီး တေးစီးရီးသစ်လည်း ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ အဆိုတော် ထူးအယ်လင်းဟာ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး ပရဟိတ လုပ်ငန်းတွေကိုလည်း ကူညီလုပ်ကိုင်နေသူ ဖြစ်ပါတယ်။
The post “လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို စိတ်ချမ်းသာတယ်” appeared first on ဧရာဝတီ.