ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက အထက်တန်းကျောင်းမှာ အနိုင်ကျင်ခံခဲ့ရမှုတွေဟာ ‘A Star Is Born’ ရုပ်ရှင်မှာ ရုန်းကန်ခဲ့ရတဲ့ အနုပညာရှင် Ally အဖြစ် သရုပ်ဆောင်နိုင်ဖို့အတွက် ခွန်အားတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
လေဒီဂါဂါဟာ အဲဒီရုပ်ရှင်ထဲက ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို နားလည်နိုင်ဖို့ရာ သူအထက်တန်း ကျောင်းတုန်းက အနိုင်ကျင်ခံခဲ့ရတာတွေကြောင့် အကူအညီဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။
သူက “Ally နဲ့ ကျမရဲ့ကြားက ထူးခြားချက်ကဘာလဲဆိုရင် အဆိုတော်၊ သီချင်းရေးဆရာတဦးအနေနဲ့ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ အသားကုန်ကြိုးစားရတယ်။ နယူးယောက်တခွင် ကီးဘုတ်ကို ကိုင်ဆွဲပြီး အိမ်ပေါက်စေ့ ရောက်သွား ခဲ့ရတယ်။ ကျမကိုယ်ကျမယုံကြည်ခဲ့တယ်”
“Ally ကတော့ အဲဒီလို မဟုတ်ဘူး။ အဲဒီရုပ်ရှင်ထဲက ကျမရဲ့ ဇာတ်ကောင်က သူ့ကိုယ်သူယုံကြည်ချက်မရှိဘူး။ ဂီတ လုပ်ငန်းမှာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပြီး အရှုံးပေးလိုစိတ်များနေတယ်။ အဲဒီတော့ ကျမ ငယ်ဘဝ အထက်တန်း ကျောင်းသူ ဘဝတုန်းက ကြုံခဲ့ရတဲ့ အနိုင့်ကျင့်ခံခဲ့ရမှုတွေနဲ့ အိပ်မက်တွေ လှောင်ရယ်ခံခဲ့ရမှုတွေဟာ ပြန်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ကျမက Bradley Cooper ကို ယုံကြည်ခဲ့တဲ့အတွက် ကျမကောင်းကောင်း လုပ်နိုင်ခဲ့တာလို့ ထင်တယ်” လို့ ဆိုပါတယ်။
အသက် ၃၂ နှစ်အရွယ်အဆိုတော်နဲ့ မင်းသမီး လေဒီဂါဂါဟာ အဲဒီရုပ်ရှင်ထဲမှာ ဒါရိုက်တာ မင်းသား Bradley Cooper နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာပါ။
လေဒီဂါဂါက “သူဟာ တော်တော်လေးကို ထူးခြားတဲ့ ဒါရိုက်တာပါ။ သူဟာ ထူးခြားလွန်းတဲ့ သရုပ်ဆောင်ပါ။ သူရဲ့ တချိန်တည်းမှာ သရုပ်ဆောင်မှု၊ ရိုက်ကူးမှု၊ ထုတ်လုပ်မှုနဲ့ သီချင်းရေးသားမှုအတွေ့အကြုံတွေက လုံးဝကို လက်ဖျားခါ လောက်တယ်။ ဒီမှာရှိနေတာကို ကျမ အရမ်းကျေးဇူးတင်မိတယ်” လို့ ပြောကြားခဲ့ပါတယ်။
‘A Star is Born’ ရုပ်ရှင်ကြောင့် သူတို့ရဲ့ အနုပညာလုပ်ငန်းအပေါ်မှာ ထိခိုက်မှု ရှိနိုင်တယ်ဆိုတာကိုလည်း သူတို့ နှစ်ဦးလုံးက ယုံကြည်ထားတယ်လို့ဆိုပါတယ်။
မင်းသား Bradley က အခုရုပ်ရှင် အဆင်မပြေခဲ့ရင်လည်း ကိစ္စမရှိကြောင်း၊ တကယ်လို့များအဆင်မပြေဖြစ်ခဲ့ရင် ခြေလှမ်းငါးလှမ်းဆုတ်မှာဖြစ်ပြီး တကယ်လို့ ဒီရုပ်ရှင် လုပ်မဖြစ်ခဲ့တာဟာ သူတို့ရဲ့အနုပညာလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်တာကို နှစ်ယောက်လုံးက သိရှိထားတယ်လို့ လေဒီဂါဂါက ပြောဆိုထားပါတယ်။
‘A Star is Born’ ရုပ်ရှင်ကို အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref: contactmusic
The post အထက်တန်းကျောင်းတုန်းက အနိုင်ကျင့်ခံခဲ့ရဖူးတယ်လို့ လေဒီဂါဂါ ပြော appeared first on ဧရာဝတီ.