အနုပညာဝါသနာ အရမ်းကြီးတဲ့အတွက် ဗီဒီယိုကားများ၊ တေးစီးရီးခွေများ ရိုက်ကူးထားတဲ့ အဆိုတော် K မိုးကျော် (ခ) ဗိုလ်မှူး စောမိုးကျော်က မိဇံ “ရေဘေး အလှူပွဲ” မှာ အနုပညာရှင်များပါ ဖိတ်ကြားပြီး ရွာသူ၊ ရွာသားများကို သီချင်းများ၊ ဟာသများနဲ့လည်း တင်ဆက် ဖျော်ဖြေခဲ့ပါတယ်။
ဗိုလ်မှူးစောမိုးကျော်ဟာ သူခေါင်းဆောင်အဖြစ် ပါဝင်ရိုက်ကူးထားတဲ့ ဗီဒီယိုကားများကိုလည်း မိတ်ဆက်ရောင်းချခဲ့ပြီး ရရှိထားတဲ့ ငွေများကို ရေဘေးအတွက် ပြန်လှူသွားမယ်လို့ သိရပါတယ်။
“ကျနော့် စစ်သက်တမ်း ၂၀ ပြည့် အမှတ်တရ သီချင်းတပုဒ် လုပ်ရင်းကနေ ပိုးက ပိုကြီးသွားပြီး ဆက်လုပ်ဖြစ်နေတာပါ။ နောက်လည်း ဆက်လုပ်သွားဖို့တွေ ရှိပါတယ်။ အနုပညာက စိတ်တော့ နူးညံ့စေတယ်။ အရင်ကဆို စိတ်အရမ်းတိုတတ်တာ။ အခုတော့ သိပ်မတိုတော့ဘူး။ တခါတလေမှပေါ့”လို့ အဆိုတော် K မိုးကျော်(ခ) ဗိုလ်မှူး စောမိုးကျော်က ပြောပါတယ်။
အဆိုတော် K မိုးကျော်(ခ) ဗိုလ်မှူးစောမိုးကျော် (KNU/ KNLA.PC ဗဟိုဌာနချုပ် အထူးတပ်ရင်း (၁၁၁) ကျိုက်ထိုတပ်ဖွဲ့၊ စစ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်) နဲ့ တေးသံရှင် ထူးအယ်လင်းတို့ ပူးပေါင်းပြီး ဘားအံ၊ မိဇံကျေးရွာမှာ ရေဘေးသင့်ပြည်သူများကို အစားအသောက်၊ မုန့်များလှုဒါန်းပွဲနဲ့ ဖျော်ဖြေပွဲကို စက်တင်ဘာလ ၂၄ရက်နေ့က ဘားအံမြို့နယ်၊ မိဇံကျေးရွာ၊ မိဇံတိုက်ကျောင်းမှာ ကျင်းပခဲ့ပါတယ်။
“ကျနော့်မွေးနေ့လည်း ဖြစ်လို့လေ။ မွေးနေ့ဆိုတာက ဘယ်မှာလုပ်လုပ် လုပ်လို့ရတယ်လေ။ အခုက ဒီရွာလေးမှာ ဒီနှစ်ရေဘေးသင့်တာက နှစ်လလောက် ကြာသွားတယ်။ သရုပ်ဆောင် ဦးအောင်ခိုင် တို့နဲ့လည်း လာလှူဖူးတယ်။ အဆိုတော် ထူးအယ်လင်းနဲ့ ရောပဲ။ အခုက နောက်တခေါက် ထပ်လာ လှူဖြစ်တာ။ ကျနော့်မိဘတွေလည်း ဒီရွာကပါ။ အဓိက ရေဘေးအတွက် လုပ်တာပါ” လို့ အလှူရှင်၊ တေးသံရှင် ဗိုလ်မှူး K မိုးကျော်က ဧရာဝတီကို ပြောပါတယ်။
ယခုနှစ်ရေဘေးနဲ့ ပတ်သက်ပြီးလည်း “ကျနော်လည်း ဒီကျွန်းမှာမွေး၊ ဒီကျွန်းမှာ ကြီးတာပဲ။ ကျနော့် တသက် ဒီလောက်ရေကြီးတာမျိုး တခါမှ မတွေ့ဖူးဘူး၊ကိုယ်ကတော့ မကြောက်ပါဘူး။ ဒါပေမယ့် ကိုယ်ငယ်ငယ်က နေထိုင်ခဲ့တဲ့၊ ကျောင်းတက်ခဲ့တဲ့ နေရာတွေ အကုန်မြုပ်ကုန်တယ်။ မြင်ရတာ စိတ်ထဲ မကောင်းဘူး” လို့ သူက ဆိုပါတယ်။
“အခုကျနော် အလှူလုပ်နေတယ် ဆိုတာကလည်း ရှိလို့ မဟုတ်ဘူး။ မြင်တွေ့နေရတာတွေကို စိတ်မကောင်းလို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ လုပ်ပေးဖြစ်တယ်။ အရင်ကဒီနယ်တဝိုက်က ကျနော်တာဝန်ကျခဲ့တဲ့နယ်မြေဆိုတော့ ဘယ်နေရ ဘာရှိတယ်။ ရေဘယ်လောက် တက်နေတယ် ဆိုတာသိလို့ လာလှူတဲ့အဖွဲ့တွေကိုလည်း လိုက်ကူညီပေးဖြစ်နေတယ်”လို့ ဗိုလ်မှူး စောမိုးကျော်က ဆက်လက် ပြောပါတယ်။
အဆိုတော် Kမိုးကျော် (ခ) ဗိုလ်မှူး စောမိုးကျော်ဟာ ကိုယ်တိုင်ရေဘေးအလှု နှစ်ကြိမ်၊ အဖွဲ့အလိုက် အလှူ ၁၀ ကြိမ် လှူဒါန်း ထားတယ်လို့လည်း သိရပါတယ်။
တာဝန်ကျဌာနအလိုက် ပြန်လည်ထူထောင်ရေး အစီအစဉ်များ လုပ်ဖို့ ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး “ပြန်လည်ထူထောင်ရေး ကိစ္စလည်း ရှိပါတယ်။ဗဟိုဌာနချုပ်ကို တင်ပြထားပါတယ်။ ဒါကျတော့ ကျနော် တယောက်တည်းနဲ့ မနိုင်တော့ဘူး။အခုရေတော့ တော်တော်ပြန်ကျသွားပါပြီ။ ပြန်လည် ထူထောင်ရေး အတွက်လည်း လာရောက်ဝိုင်းဝန်းကူညီပေးဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျနော့်နယ်မြေဘက်မှာလည်း ဘုရားတွေတည်တယ်။ လမ်းတွေ ခင်းတယ်။ အခုလည်း လမ်းတွေ ထပ်ခင်းဖို့ အစီအစဉ်တွေ ရှိနေပါတယ်”လို့ ဗိုလ်မှူး စောမိုးကျော်က ဆိုပါတယ်။
The post စစ်သက်တမ်း ၂၀ ပြည့် သီချင်း လုပ်ရင်းကနေ အနုပညာပိုး ပါလာသူ ဗိုလ်မှူး စောမိုးကျော် appeared first on ဧရာဝတီ.