နိုင်ငံတခု၊ တိုင်းပြည်တပြည်မှာ အုန်းအုန်းကြွက်ကြွက်နဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ Issue တွေက ပြည်သူတွေ ပျင်းချိန်မရအောင်ကို တခုပြီးတခု ဖြစ်ပေါ်နေတာဟာ မစပ်စုတို့ တိုင်းပြည်တခုပဲ ရှိမယ်ထင်ပါရဲ့။
လတ်တလောမှာ တအား Hot ဖြစ်နေတဲ့ Issue ကတော့ နှစ်ပေါင်း ၄၀၀ ကျော်တိုင်အောင် ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်ဆုံရာ ပုဇွန်တောင်ချောင်း အတွင်းမှာ နစ်မြုပ်နေခဲ့တယ်ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရခိုင်အမျိုးသား ဦးစံလင်း ခေါင်းဆောင်တဲ့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ဝင်ပေါင်း ၈၀ ကျော်က ပြီးခဲတဲ့ သြဂုတ်လ ၉ ရက်နေ့က စတင်ရှာဖွေ နေလိုက်ကြတာ သြဂုတ် ၂၆ ရက်နေ့မှာတော့ အပြီးသတ်ရှာဖွေပြီးသွားပြီလို့ ဆိုကြပါတယ်။ ဒီလို ရှာဖွေနေတဲ့ အတောအတွင်းမှာတော့ ဖြစ်လိုက်တဲ့ အဖြစ်အပျက်ပေါင်းစုံကတော့ မနည်းမနောပါပဲ။ တော်ကြာနေ ခေါင်းလောင်းကြီးကို တွေ့ပြီ စမ်းမိပြီ၊ တော်ကြာနေ တယောက်က မတွေ့တော့ဘူး ရှာလို့မရနိုင်ဘူး၊ တော်ကြာနေ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုတာတွေကတော့ အမျိုးကိုစုံလို့ပါ။
ဒီလို အဖြစ်အပျက်တွေအကြား တယောက်တပေါက် ပြောဆိုနေကြတဲ့အထဲ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေး ကိစ္စနဲ့ပတ်သက်လို့ ရေးစပ်သီကုံးထားတဲ့ “မျှော်လင့်ခြင်း ဓမ္မစေတီ” ဆိုတဲ့ သီချင်းလေးတပုဒ်ကတော့ တော်တော်လေးကို ထိမိလှလို့ မစပ်စုသဘောကျ နှစ်ခြိုက်မိတာတော့ အမှန်ပါ။ ၂ မိနစ် ၂၆ စက္ကန့် သာကြာတဲ့ ဒီသီချင်းကို ရေးစပ်သီဆို ထားတဲ့ အဖွဲ့ကတော့ The Villager ပါတဲ့။ သူတို့အဖွဲ့ကတော့ ကမ္ဘာမှာ မြန်မာဟေ့လို့ ပြောရလောက်အောင် အောချ လောက်တဲ့ မြန်မာပြည်ထဲက ဖြစ်ရပ်ဆန်းတွေကို အချိန်နဲ့တပြေးညီ သီချင်းတွေ ရေးစပ် ဂုဏ်ပြုလေ့ရှိသူတွေဆိုရင် မမှားပါဘူး။
အခုလည်း ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ရရှိဖို့ အပြင်းအထန် ကြိုးစားနေကြတဲ့ အဖြစ်အပျက် အခြေအနေ မှန်တွေကို ရေးစပ်သီဆို ထားကြလေရဲ့။
အခုလို ဓမ္မစေတီခေါင်းလောင်း ကိစ္စဟာ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ဟိုးလေးတကျော်ကျော်နဲ့ နာမည်ကြီးပြီး သိပ်မကြာသေးတဲ့ ကာလမှာပဲ The Villager အဖွဲ့က ချက်ချင်းဆိုသလို ရေးစပ်သီ ဆိုပြီး အွန်လိုင်းပေါ်ရောက်ရှာလာတာ တော်တော်လေး မြန်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီလို အားထုတ်မှုအပေါ် မစပ်စု မေးကြည့်တော့ “ထူးထူးထွေထွေတော့ အားထုတ်စရာမရှိဘူး။ ကျနော်တို့ဆီမှာ ပစ္စည်းတွေက လက်တကမ်းမှာ ရှိတာလည်းပါတယ်။ နောက်ပြီး Idea က ချက်ချင်းပေါ်လာလို့ ချက်ချင်းလုပ်လိုက်ရတာက ကျနော်တို့အတွက် ပိုအဆင်ပြေတယ်ဗျ။ တခုလောက် လုပ်မယ်လို့ မှတ်ထားလိုက်ရင် ကျနော်တို့အတွက်က မလုပ် ဖြစ်တော့တာ များတယ်။ အဲဒါကြောင့် ချက်ချင်း ပေါ်နေတုန်းလေးမှာ ချက်ချင်းဖွင့်ပြီး လုပ်ပစ်လိုက်တဲ့အတွက် ကျနော်တို့ မြန်တာ။ ကွာလတီပိုင်း ဆိုင်ရာ အားနည်းချက်နည်းနည်းတော့ ရှိပါတယ်ဗျ။ သေသေချာချာတော့ လုပ်ချိန် မရလိုက် ဘူးပေါ့” လို့ “မျှော်လင့်ခြင်း ဓမ္မစေတီ” ရဲ့ ဖန်တီးရှင်ဖြစ်တဲ့ The Villager အဖွဲ့ဝင်တဦးဖြစ်သူ ကိုကျော်ဝေဖြိုး က ဧရာဝတီကိုပြောပါတယ်။
“မျှော်လင့်ခြင်း ဓမ္မစေတီ” သီချင်းရဲ့ Intro သံစဉ်ကိုတော့ နတ်ကြီးလှပါတယ်လို့ ပြောဆိုနေကြတဲ့ ဒီခေါင်းလောင်းကြီးကို ပူဇော်တဲ့ တေးဓမ္မသံစဉ်လေးနဲ့ အစပျိုးထားပါတယ်။ အဲဒီနောက် “နဂါးတလှည့်တဲ့ဗျို့၊ သိကြားတလှည့်တဲ့ဗျို့ … သန်လျင် တံတားအောက် ခွေးဖြတ်လျှောက်မှ ရှာတွေ့မလိုလို … မြစ်ဆုံ သောင်ပေါက်၊ သောင်ပေါ်တဲဆောက် … မုဆိုးမ တယောက်ရဲ့ တဲအောက်ကပဲ ပေါ်မယ့် တဘောင်ဆို” ဆိုတဲ့ စာသားလေးနဲ့ အစပျိုး ထားပါတယ်။
ဓမ္မစေတီခေါင်းလောင်းကြီးကို နဂါးက တလှည့်စောင့်ရှောက်လိုက်၊ သိကြားမင်းက တလှည့်စောင့်ရှောက်လိုက် စောင့်ရှောက် နေတာပါလို့ ဆိုတဲ့ အသံတွေကလည်း ခေါင်းလောင်းကြီးဆယ်ယူဖို့ ကြိုးပမ်းနေချိန်မှာ ထွက်လာခဲ့တဲ့အပြင် အခြားအခြားသော ဗေဒင်ယတြာတွေနဲ့ ဘိုးတော်တွေ၊ ဆရာတော်တွေရဲ့ ယတြာ အစီအမံတွေနဲ့လည်း ကြိုးစား ရှာဖွေနေပြီး ဘယ်လိုဘယ်ပုံ လိုက်နာပြုလုပ်ပါမှ ဒီခေါင်းလောင်းတော်ကြီးကို ပြန်တွေ့နိုင်မယ်လို့ ဆိုနေကြလေတော့ The Villager အဖွဲ့ကလည်း ဒီလို စာသားလေးနဲ့ အစပျိုးထားဟန် ရှိပါတယ်။
အခုလို ခေါင်းလောင်းတော်ကြီးကို ရှာဖွေနေပုံက နိုင်ငံတကာ အကူအညီမပါရုံတင်မက ဒီလောက်ခေတ်မီနေတဲ့ ကမ္ဘာကြီးမှာ ခေတ်မီ နည်းပညာတွေမသုံးဘဲ မြန်မာ့နည်းမြန်မာ့ဟန် ဗေဒင်ကိန်းခန်း အိပ်မက်အရတွေနဲ့ ရှာဖွေမှုတွေကို တနေ့ ကျပ်သိန်းပေါင်း ၆၀ ကျော် အကုန်ကျခံ ပြုလုပ်နေပုံကိုလည်း သူတို့သီချင်းထဲမှာ သရော်ဟန်စွက်ပြီး စပ်ဆိုထားပါ သေးတယ်။
“ကမ္ဘာကြီးလည်းမလို … မြန်မာ့နည်းတဲ့ဗျို့ … ယတြာကိန်းခန်း ပသပွဲတင် ရှာကြတာကိုး … အကြီးတလုံးတဲ့ဗျို့ … အသေးတလုံးတဲ့ဗျို့ … အခုထိတော့ မတွေ့ရသေးဘူး … ဆိုတဲ့သူဆို” လို့ ရေးစပ်ထားပါတယ်။
ဒီလို အစီအမံတွေနဲ့ ရှာဖွေရေးကြီးသာ အောင်မြင်သွားမယ်ဆိုရင်တော့ သူတို့ပြောတဲ့ မြန်မာ့နည်း မြန်မာ့ဟန်လည်း ကမ္ဘာကျော်သွားမှာ အသေချာပါပဲ။ အခုချိန်မှာလည်း ခေါင်းလောင်းရှာဖွေရေးကို အပြီးသတ် လုပ်ဆောင် သွားပြီဖြစ်ပေမယ့် စတင်ရှာဖွေတဲ့ အချိန်ကနေ အပြီးသတ်လုပ်ဆောင်ပြီးတဲ့ အချိန်တိုင်အောင် ကုန်ကျခဲ့တဲ့ ကုန်ကျစရိတ်တွေကို မဖော်ပြနိုင်သေးကြောင်းနဲ့ ခေါင်းလောင်းကြီးကို ရှာဖွေစမ်းသပ်တွေ့ရှိပါပြီလို့ ဆိုထားပေမယ့်လည်း ဘယ်ရွေ့ဘယ်ပုံ တည်ရှိနေသလဲ၊ ဘယ်လိုဘယ်ပုံ ဆယ်ယူကြမှာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို သတင်းမထုတ်ပြန်နိုင်သေးပါဘူးလို့ ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားလေတော့ ယုံရတ၀က် မယုံရတ၀က်ပေါ့လေ။
“ကျနော်တို့အတွက် တွန်းအားကတော့ ဒီခေါင်းလောင်းကြီးကို ဂမ္ဘီရဆန်ဆန် ကြီးကြီးကျယ်ကျယ်နဲ့ ပြောပြီး စပြီးတော့ လုပ်ကတည်း ကျနော်တို့အနေနဲ့ ဒီမှာက တော်တော်ကိုရယ်စရာအဖြစ် ပြောဖြစ်နေကြပြီ။ သရော်တော်တော် ပြောဖြစ်နေကြပြီ။ အဲဒီအချိန်မှာ Issue တွေက တခုခုပြီးတခု ထပ်တက်လာတော့ တခုပြီးတခု မှတ်ရင်းမှတ်ရင်းနဲ့ကို ကျနော်တို့ ရေးဖြစ်လိုက်တာတောင် နည်းနည်း စောသွားတယ်လို့ထင်တယ်။ ရေးပြီးမှ လုပ်ပြီးမှကို နောက်ထပ် Issues တွေ တက်လာတာတွေ မပါနိုင်လိုက်ဘူး။ ကျနော်တို့လည်း နည်းနည်း လောသွားတယ်။ အဲဒီလိုနဲ့ ကျနော်တို့ မနေနိုင်မထိုင်နိုင်ဖြစ်လာပြီးတော့ ကောက်ရေးပြီးတော့ လုပ်လိုက်တာ။ အွန်လိုင်းပေါ်မှာ ကျနော်တင် မဟုတ်ဘူး၊ တခြားတချို့တွေလည်း ရှာပုံတော်မင်းသားကြီးတို့ ဘာတို့ သီချင်းတွေကို သံမြှောင်ကပ်ပြီး ရေးလာကြတာတွေ့တော့ ကျနော်လည်း ပိုးတွေက ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ ရေးဖြစ်သွားတာ။ ရေးပြီး ချက်ချင်းလုပ်ဖြစ်သွားတာ။ အဲဒါကြောင့် ဒီလောက်မြန်မြန် ထွက်လာတာ” လို့ The Villager အဖွဲ့ဝင်တဦးဖြစ်သူ ကိုကျော်ဝေဖြိုးက သူတို့ဖန်တီးဖြစ်ပုံကို ဧရာဝတီကို ပြောပြပါတယ်။
သီချင်းဘက်ကို ထပ်ဆက်ရမယ်ဆိုရင် ပြည်သူတွေကြားမှာလည်း တော်တော်နာမည်ကြီးသွားတဲ့ လှည်ကူးမြို့နယ်က အသက် ၆၀ အရွယ်ရှိတဲ့ အမျိုးသမီးကြီးကို ခေါင်းလောင်းကြီးကို စောင့်ရှောက်နေတယ်ဆိုတဲ့ နဂါးမောင်နှမတွေထဲက တပါးက ၀င်ပူးပြီး ပြောဆိုတယ်ဆိုတဲ့ သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာကိုး။ ဖြစ်ပုံက အဲဒီနဂါးက သူတို့အပေါ်ကို သောင်တူးစက် ပိနေလို့ လှုပ်လို့မရဘူး၊ နာတယ်ဆိုပြီး အော်ဟစ်ငြီးငြူပြီး ၀င်ပူးပြီး ပြောဆိုသတဲ့။ အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှာဖွေရေး လုပ်နေဆဲကာလမှာ သောင်တူးစက်ပျက်လို့ ရှာဖွေရေး နားထားရတဲ့ရက်နဲ့ တိုက်ဆိုင်နေတယ် ဆိုပါတော့။ ကဲ ဒီအဖြစ်အပျက်ကို The Villager အဖွဲ့က သူတို့သီချင်းထဲမှာ ဒီလို ဒီပုံ ထည့်ဆိုထား ပါလေရဲ့။
“ချုပ်ထားလို့ လှုပ်ရှားမရတဲ့ နဂါးမင်းတို့ … အသွင်ထူးလို့ ၀င်ပူးကာပြောဆို … သောင်တူးစက်ပိနေလို့ နည်းနည်း လောက်ဖယ်ပေးပါညော် အာ့လာပြောတာပါဆို” ဆိုတဲ့ စာသားကို သရော်တော်တော်လေသံနဲ့ သီဆိုသွားလေတော့ ကြားရသူအဖို့ အတော်လေး ရယ်စရာဟာသ တခုလို ဖြစ်သွားပါတော့တယ်။ အဲဒီလို သီဆိုအပြီး Chorus အပိုဒ်ရဲ့ မယ်လိုဒီလည်းအရောက် ကရင်ဒုံးယိမ်းတီလုံးသံစဉ်နဲ့အတူ “ဆယ်ပြားနဲ့ ငါးပြားပေါင်းတော့ ဆယ့်ငါး ပြားဟေ့” ဆိုတဲ့ မစပ်စုတို့ ငယ်ငယ်က ပေါကြောင်ကြောင်လူတွေကို လှောင်ပြောင် သီဆိုလေ့ရှိတဲ့ စာသားလေးကို ထည့်ထားလေးတော့ ၀ါးလုံးကွဲ ဟာသသံစဉ် ဖြစ်သွားပါတော့တယ်။ အဲဒီ သံစဉ်စာသားကတော့ ဒီခေါင်းလောင်းကြီး ဆယ်ယူမှုအပေါ် သူတို့ရဲ့ အမြင်ကိုပြောခြင်းဖြစ်တယ်လို့ ကိုကျော်ဝေဖြိုးက ဆိုပါတယ်။
အဲဒီ နေရာဟာ သီချင်းတပုဒ်လုံးအတွက် အဓိကနေရာလို ဖြစ်သွားကာ ပေးချင်တဲ့ ပြချင်တဲ့ မက်ဆေ့ခ်ျကို ထိထိမိမိ ပြလိုက်သလိုဖြစ်သွားတဲ့အတွက် အဲဒီလို ရေးစပ်သီဆိုလိုက်မှုအပေါ် ကြိုက်တဲ့သူရှိသလို၊ ယုံကြည်သူတွေအဖို့ ဒီလို နောက်ပြောင်သရော်မှုတွေကို လက်မခံနိုင်ဘူးလို့ ဝေဖန်ပြောဆိုကြကြောင်း သူကဆက်ပြောပါတယ်။
“အဲဒီလို အလွဲတွေနဲ့ပတ်သက်ပြီး ကျနော်ပြောချင်တာ တခုတော့ ရှိတယ်ဗျ။ ကျနော့်ဘက်ကပဲ ကျနော့်တယောက်တည်း အမြင်လားတော့ မပြောတတ်ဘူး၊ အဓိကကတော့ ကျနော်တို့မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေက ပညာရေး အဆင့်အတန်း နည်းနည်း လိုအပ်နေတယ်လို့ ထင်တယ်ဗျ။ ပညာရေး အဆင့်အတန်းသည် လိုအပ်သလောက် တတ်မြောက်ခြင်း မရှိတဲ့အတွက်ကြောင့် လူတွေရဲ့ အတွေးအခေါ်တွေက ဒီလိုပေါ့။ ဥပမာ – အခုဖြစ်သွားတဲ့ ခေါင်းလောင်းကြီး ကိစ္စဆိုရင် ယုံကြည်တဲ့သူတွေ အများကြီးရှိတယ်ဗျ။ ကျနော်တို့က သရော်တဲ့ အနေနဲ့ရေးတာ၊ သူတို့ကို တိုက်ခိုက်တဲ့ အနေနဲ့ရေးတာ မဟုတ်တာတောင်မှ ဒါကိုမထိနဲ့၊ နဂါးပူးလိမ့်မယ်၊ နဂါးအကိုင်ခံရလိမ့်မယ်လို့ ကျနော့်ကို ပြောတာတွေတောင် တွေ့ရပါတယ်။ အဲဒီလိုပေါ့ဗျာ … တွေးခေါ်နိုင်မှုအားတွေ နိမ့်နေတာက ပညာရေးအဆင့်အတန်း နိမ့်ကျမှုကြောင့်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီး Conservative အယူအစွဲတွေက ဘယ်လိုကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်ရေးအားဖြင့် ကိုးကွယ်မှုတွေ ပါလာတဲ့အခါမှာ အစွဲတွေ ပါလာတာပေါ့ဗျာ။ သူတို့ကျတော့ ကိုယ်ပိုင်တွေးခေါ်နိုင်မှု အားနည်း သွားတော့ သူတို့ယုံကြည်နိုင်မယ်လို့ ထင်ရတဲ့ တယောက်ယောက်က ရှေ့ကပြောလိုက်ရင် နောက်မှာ အားလုံးက လိုက်ယုံကြတဲ့ အနေအထား၊ တယောက်လုပ်ရင် အကုန်လုံးက ၀ိုင်းလုပ်ကြတဲ့ အနေအထားမှာဆိုတော့ ရှေးရိုး အစဉ်အလာတွေပေါ့။ နောက်ထပ် ကျနော်တို့ မြန်မာတွေခေါင်းထဲမှာ အတင်းရိုက်သွင်းခံထားရတဲ့ စကားပုံ တွေလည်း ရှိတယ်ဗျ။ “ရှေးထုံးလည်း မပယ်နဲ့ ၊ ဈေးသုံးလည်း မလွယ်နဲ့” ဆိုတာလိုပေါ့၊ အဲဒီလို ရိုက်သွင်းခံထားရတဲ့ အစဉ်အလာတွေ၊ အစဉ်အဆက် အမိန့်နာခံရတဲ့ အစဉ်အလာတွေကြောင့်မို့လို့ ဖြစ်နေတယ်လို့လည်း ထင်ပါတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။ ဒါ့အပြင် The Villager အဖွဲ့ဟာ သူတို့ရဲ့ တေးသီချင်းကို ခေတ်ရဲ့ပုံရိပ်ကို ထင်ဟပ်စေတဲ့ ကြေးမုံတခုအဖြစ်နဲ့ပဲ သတ်မှတ်ချင်တယ်လို့ ဆိုပါတယ်။
“နဂါးမင်းကြီးများတောင် သမ္မတကြီးစကားနားထောင် … ရေပြင်ထက်မှာ နွားနို့ပက်လို့ အောင်ရမယ်ဗျို့ … သက်သတ်လွတ်ဖို့ အထပ်ထပ်ရွတ်လို့ … တိမ်တွေထက်မှာ ခေါင်းလောင်းကြီးပုံပေါ်ခဲ့ပြီဆို” လို့ ဆိုလေတော့ အရက်အစား နွားနို့ပြောင်း သောက်ကြပါလားဆိုတဲ့ သမ္မတကြီးရဲ့ သြ၀ါဒနဲ့အတူ ခေါင်းလောင်းရှာဖွေနေချိန် အခက်အခဲတွေဖြစ်နေလို့ ရွှေဘုန်းပွင့်ဆရာတော် ဦးဆောင်တဲ့အဖွဲ့က ခေါင်းလောင်းဆယ်ယူရေး သင်္ဘောအနီးမှာ သုံးရက်တိုင်တိုင် နွားနို့စိမ်း ပိဿာ ၂ဝ၊ ပေါက်ပေါက်၊ စံပယ်ပန်းကုံး ၁၀၀၀ တို့နဲ့ မေတ္တာသုတ်ရွတ်ဖတ် ပူဇော် လှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်းကို အဲဒီလို ရေးဖွဲ့လိုက်ပုံရပါတယ်။ ဒါ့အပြင် ခေါင်းလောင်းကြီးဆယ်ယူနေချိန်မှာလည် ကောင်းကင်ထက်မှာ တိမ်တွေက ခေါင်းလောင်းပုံသဏ္ဍာန်ပေါ်တယ် ဆိုတဲ့ အဖြစ်အပျက်ကလည်း လူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသေးတယ်။
ဒီလို ခေါင်းလောင်းပုံ ပေါ်တယ်ဆိုလို့ လူတွေမနည်းမနော သွားကြည့်လိုက်ကြတာ၊ အဝေးကနေ လှမ်းကြည့်ရတာ အားမရလို့ သမ္ဗာန်တွေစက်လှေတွေနဲ့ မြစ်ထဲအထိ ဆင်းပြီးကြည့်တဲ့သူတွေတောင် ရှိလေတော့ စက်လှေ သမ္ဗာန်သမားတွေ အလုပ်ဖြစ် စီးပွားဖြစ်သွားကြပါသေးတယ်။ ခေါင်းလောင်းကြီးက တန်ခိုးကြီးတယ်၊ နတ်နဂါးတွေ အစောင့်အရှောက်ရှိတယ် ဆိုတာကို ယုံကြည်သက်ဝင်နေသူကို The Villager အဖွဲ့က ဤသို့ ဤပုံ သီဆိုသွားပါလေရဲ့။
“ကိုငှက်ရဲ့ အမှတ်တရပွဲမှာ တချို့လွဲပြီးဆို … ဒါဟာ နဂါးမင်း ၀င်နှောက်ယှက်တာကိုး … မြန်မာနှစ်သင်းစလုံး ဖလားရခဲ့တာ မယုံမရှိနဲ့ ဒါ ခေါင်းလောင်းရဲ့ တန်ခိုး …” ပါတဲ့။
“မျှော်လင့်ခြင်း ဓမ္မစေတီ” တေးသီချင်းကို ဖန်တီးသူအနေနဲ့ မဟုတ်ဘဲ သာမန်ပြည်သူတယောက်အနေနဲ့ အမြင်ကိုတော့ ကိုကျော်ဝေဖြိုးက “အပြင်လူတယောက်အနေနဲ့ ကျနော်တို့မြင်တာကတော့ ကျနော်တို့မှာ အဓိက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အရင် ရှာတာထက်စာရင် ဒီ ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ သမိုင်းအထောက်အထား ဘယ်လောက် ခိုင်မာသလဲ ဆိုတာ အရင်လုပ်သင့်ပါတယ်။ အဲဒီ သမိုင်းအထောက်အထား အခိုင်အမာ ရယူပြီးမှ တကယ့် သိပ္ပံနည်း ပညာတွေနဲ့ စနစ်တကျရှာဖွေလို့ တကယ်ရှိခဲ့တယ် ဆိုရင်ပေါ့ဗျာ၊ သိပ္ပံနည်းပညာတွေနဲ့ စနစ်တကျရှာဖွေမှပဲ ရမယ်လို့ ကျနော်မြင်ပါတယ်။ ဒီလို သူတို့ ဂမ္ဘီရနယ်ပယ်တွေဆိုတာ ဘယ်လိုမှ ဝေဖန်လို့မရတဲ့ အနေအထား ရှိပေမယ်လို့ ကျနော်တို့ အခုခေတ်အနေနဲ့ဆိုရင် အဲဒီလို ဘယ်လိုမှ မသေချာမရေရာတဲ့ အလုပ်ကြီးကို လုပ်နေတယ်လို့ပဲ ကျနော်တို့ အနေနဲ့ မြင်ပါတယ်။ အခုဖြစ်ပျက်နေတာကလည်း အခုတွေ့ပြီဆိုပြီး ကြေညာချက်တွေ ထုတ်လိုက်၊ နဂါးက ပြန်ဖွက်ထားလို့ ရေအောက်မှာဆီးမီးထွန်းလို့ ဆိုလိုက်၊ တကယ်လို့ ကျနော်တို့ တွေ့သွားပြီ ဒါပေမယ့် ခေါင်းလောင်းကြီးက တအားကြီး ပျက်စီးနေလို့ စနစ်တကျ ထုတ်ယူမှရမယ် ဆိုရင်တော့ တမျိုးပေါ့ဗျ။ ဒါပေမယ့် သူတို့ပြောတဲ့လေကကျတော့ ရေအောက်မှာ ဆီမီးပူဇော်နေတယ်တို့ ဘာတို့ဆိုတာ ယုတ္တိမရှိဘူးလို့ပဲ မြင်ပါတယ်။ နောက်ပြီး နက္ခတ်ကိုက်တာတွေရော မကိုက်တာတွေရော ဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ အချိန်က စကားပြောသွားပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
The post မျှော်လင့်ခြင်း ဓမ္မစေတီသီချင်းနဲ့ The Villager ရဲ့ အမြင် appeared first on ဧရာဝတီ.