ဇာတ်ကောင်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က ဂျင်းကောင်လို ကာရိုက်တာက သူကိုယ်တိုင် ရိုက်ချင်တာရော ပရိုဂျူဆာခိုင်းတဲ့အတွက်ကြောင့်ရော ပေါင်းပြီး သရုပ်ဆောင်ဖြစ်ခဲ့တာလို့ မီဒီယာတွေကိုပြောပါတယ်။
“ဂျင်းကောင်လို ကာရိုက်တာက ကျနော်ရိုက်ချင်တာရော ပရိုဂျူဆာခိုင်းလို့လုပ်တာလည်း ပါတယ်။ ကျနော်တို့ အပြင်မှာ နေနေတဲ့ ပုံစံပေါ့။ ဂျင်းကောင်နဲ့ သွားဆင်တာပါ။ ကာရိုက်တာတိုင်းက ဂျင်းကောင်ပုံစံတွေ ဆင်တူနေတယ်ဆိုတာ ဂျင်းကောင်မတိုင်ခင်ကတည်းက ရိုက်ခဲ့တဲ့ ကားတွေပါ” လို့ မြင့်မြတ်က ဆိုပါတယ်။
လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေ အရိုက်များနေပြီး ရိုက်ကူးဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လို့လည်း မြင့်မြတ်က အခုလိုဆိုပါတယ်။
“အခုတော့ “ဓားငပြူး” ရုပ်ရှင်ကားလည်း ရုံတင်နေတယ်။ “မှော်ကျောက်စာ” လည်းရုံတင်တော့မယ်။ ဓားငပြူးကတော့ ဟာသလေးပေါ့။ မှော်ကျော်စာကလည်း ပရိသတ်ကြိုက်ကြမှာပါ။ ကိုခင်လှိုင်နဲ့ အမှတ်တရတွေကအများကြီးပါပဲ”လို့ မြင့်မြတ်က ဆိုပါတယ်။
မြင့်မြတ်ရဲ့ သားဦးလေးကို ဘေဘီဂျင်းကောင်လေးလို့ အများက ချစ်စနိုးနဲ့ခေါ်ဆိုကြပြီး သားကိုချစ်ကြတဲ့အတွက် ဝမ်းသာမိကြောင်းကိုလည်း မြင့်မြတ်က ဆိုပါတယ်။

“ ကျနော့် သားလေးကိုလည်း ကျနော်ကို ချစ်ကြသလို ချစ်ကြတော့ ဝမ်းသာတယ်။ နာမည်ပေးဖို့တော့ရွေးနေကြတယ်။ တိုင်ပင်ပြီးတော့ ကျနော်စိတ်ကြိုက်လည်းဖြစ်မှ ပေးမှာပါ။ သားလေးက နှစ်ယောက်လုံးနဲ့တူတယ်။ သူ့အမေနဲ့ပိုတူတယ်။ ကျနော်နဲ့ နှာခေါင်းတူတယ်။ သားကိုလည်း ကျနော်တို့ကမမွေးခင်ကတည်းက ချစ်ဖို့စောင့်နေကြတာဆိုတော့ ဒီကောင် ဘာလုပ်လုပ် ချစ်နေကြတာပဲ”လို့ မြင့်မြတ်က ပြောပါတယ်။
မြင့်မြတ်က ၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “အမှောင်ကမ္ဘာမှာ ရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ မြင့်မြတ်ဟာ ဇာတ်ကားများကို ရိုက်ကူးနေပြီး ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေတဲ့ အောင်မြင်တဲ့ သရုပ်ဆောင်မင်းသားတဦးလည်း ဖြစ်ပါတယ်။
The post ဂျင်းကောင်ကာရိုက်တာက သူရဲ့ အပြင်က ပုံစံနဲ့ ဆင်တယ်လို့ ပြောတဲ့ မြင့်မြတ် appeared first on ဧရာဝတီ.