အချိန်ကာလတခုကြာ ရပ်တန့်နေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးကို သရုပ်ဆောင် လူမင်းက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင်အပြင် ဒါရိုက်တာ အလုပ်ပါ လုပ်ကိုင်လေ့ရှိတဲ့ အကယ်ဒမီ လူမင်းက ဒါဟာသူအတွက်လည်း စိန်ခေါ်မှုကြီးတရပ် ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
မကြာခင်မှာ ရိုက်ကူးတော့မယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်နဲ့ ပတ်သက်ပြီး ရိုက်ကူးမယ့် အကြောင်းအရာများအား ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးမယ့် လူမင်းကို ဧရာဝတီ သတင်းထောက် ချစ်ပိုးက အခုလို သီးသန့် တွေ့ဆုံကာ မေးမြန်းထားပါတယ်။
မေး။ ။ ဗိုလ်ချုပ်ရုပ်ရှင်ကို ကိုလူမင်းအနေနဲ့ ရိုက်ကူးမယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါ ။
ဖြေ။ ။ ပြောရရင်တော့ နည်းနည်းရှည်တယ်။ လွန်ခဲ့တဲ့ ၆နှစ်လောက်က စရမယ်။ ၂၀၁၂ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအနေနဲ့ စပြီးဖွဲ့စည်းခဲ့တာ ၄၊ ၅ နှစ် မရိုက်နိုင်ခဲ့ဘူး။ ဇာတ်ညွှန်းကတော့ ရေးပြီးခဲ့တယ်။ Budget ငွေမလုံလောက်တာကြောင့် မရိုက်နိုင်ခဲ့ဘူး။ အမေစုတို့ အစိုးရလက်ထက်မှာ ရုပ်ရှင်ဖြစ်မြောက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို တာဝန်ပေးပြီးတော့ ဒီကော်မတီ ဖွဲ့စည်းဆောင်ရွက်စေခဲ့တဲ့အတွက် “ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ” ဆိုပြီး အသစ်တဖန် ၂၀၁၇ ခုနှစ်၊ ပြီးခဲ့နှစ် ၁၁ လပိုင်းလောက်က စတင် ဖွဲ့စည်းခဲ့တယ်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဟောင်းတွေထဲက တောက်လျှောက် ပါဝင်ခဲ့တာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ အိအိခိုင်နဲ့ ကျနော်ရယ် ပါလာတယ်။ အရင်တည်းက ဆုံးဖြတ်ထားတဲ့အတိုင်း ကိုမင်းထင်ကိုကိုကြီး ဒါရိုက်တာအဖြစ် ဆောင်ရွက်ဖြစ်ဖို့ပါပဲ။ ဒါပေမယ့် ကိုမင်းထင်ကိုကိုကြီးက ဒီကြားထဲ မအားလပ်တာရယ် သတ်မှတ်ထားတဲ့ ကာလတွင်း ဇာတ်ညွှန်း ပြီးစီးဖို့ သူအခက်အခဲ ရှိသွားတယ်။ ရှိပြီးသား ဇာတ်ညွှန်းနဲ့ ရိုက်ဖို့အတွက် ကျနော့်ကို တာဝန်ပေးအပ်တဲ့အတွက် ကျနော်က ဒါရိုက်တာဖြစ်ရိုက်ဖို့ ဖြစ်လာရတာပါ။
ဒီရုပ်ရှင်က ပြီးခဲ့တဲ့အဖွဲ့ဟောင်းမှာလည်း ၅ နှစ်လောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အဲ့ပေါ်မှာ မျှော်လင့်နေတဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ အများကြီး ခံံခဲ့ရတယ်။ အဖွဲ့သစ်ဖွဲ့တာ တနှစ်ပြည့်တော့မယ်။ အကောင်ထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးဘူး။ ကျနော်တို့ Target Date က ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးရေး အပြီးအစီး လုပ်ပြီး၂၀၂၀ ခုနှစ်မှာရုံတင်နိုင်ဖို့ အတွက် ဆောင်ရွက်ရမှာ ဆိုတော့ အချိန်မီ ပြီးစီးနိုင်ဖို့အတွက် ဒီတာဝန်ကို ကျနော်ကို ပုခုံးပြောင်းပြီး ပေးလိုက်တဲ့ သဘောပါပဲ။
ပထမ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မရိုက်ဖြစ်တာက ဇာတ်ညွှန်းက ရေးပြီးခဲ့တယ်။ ဒါပေမယ့် လိုလားငွေက သိန်း ၃ သောင်းလောက် မှန်းထားတာ ပြည်သူလူထုတွေ အလှူရှင်တွေဆီက သိန်း ၈ ထောင်ပဲရတယ်။ ဘယ်လိုကြိုးစား Budget က ထပ်ပြီး ရမလာတော့ဘူး။ အဲ့အတွက် မရိုက်နိုင်ခဲ့ဘူး။ အဲ့တာနဲ့ ရှိတဲ့ သိန်း ၈ ထောင်နဲ့ ရိုက်မယ်လို့ ကိုမင်းထင်ကိုကိုကြီးနဲ့ ရိုက်ဖို့ စီစဉ်ပြီးပြီ။ အမေစုက သူရဦးအောင်ကိုကို တာဝန်ပေးလိုက်တဲ့ အတွက် အဖွဲ့ဟောင်းကနေ အဖွဲ့သစ်ကို အဲ့အစီအစဉ်တိုင်း ဆက်ရိုက်ဖို့ လွဲပြောင်းပြီး ဆောင်ရွက် ခဲ့တာပေါ့။
မေး။ ။ ကိုလူမင်း ရိုက်မယ်ဆိုတော့ ဝေဖန်မှုတွေလည်း အများကြီး ပြောနေကြတယ်။ အဲ့ အပေါ် ဘာများပြောချင်ပါလဲ။
ဖြေ။ ။ ဝေဖန်မှုကတော့ ကျနော်တို့ ဆီမှာ အပေါဆုံးပါပဲ။ ဝေဖန်မှုဆိုတာထက် အပြစ်တင်မှုပေါ့။ ဘာမှတောင် မစရသေးဘူး။ အပြစ်တင်မှုတွေနဲ့ မနေ့က တရက်ဆို ကျနော် ထီပေါက်တဲ့နေ့ပေါ့။ ဗိုလ်ချုပ်ရုပ်ရှင်ကို ကျနော်ရိုက်မယ်လည်း ဆိုရော အဝေဖန်ခံရဆုံးလူသားက ကျနော် ဖြစ်သွာတာပေါ့နော်။ အရေးကြီးဆုံးက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်နေတာပါပဲ။ တာဝန်က အင်မတန်ကြီးသလို ပြည်သူ၊ ပြည်သားတွေအနေနဲ့ကလည်း ဒီအပေါ်မှာ မျှော်လင့်ချက် သိပ်ကြီးတယ်။ ဘာလို့လဲဆို ဗိုလ်ချုပ်အောင်ဆန်းကို လေးစား တန်ဖိုးထားကြလွန်းလို့ပါ။ အဲ့ဒါတော့ နားလည်ပါတယ်။
နိုင်ငံတော်ကားလိုပဲ နိုင်ငံတော်ကားပဲ ဝန်ကြီးဌာနအသီးသီးရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် မူလဒီရုပ်ရှင်ကို စရိုက်မယ် ဆိုကတည်းက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လုပ်တဲ့ အလုပ်တခုဖြစ်တဲ့အတွက် ဒီအလုပ်ကိုတော့ ကျနော်ကတော့ ဒီအလုပ်ကို ပြီးမြောက်အောင် မဖြစ်မဖြစ်တဲ့နည်းနဲ့ ပြီးမြောက်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန် ချထားတဲ့ သူတယောက်ပါ။
မေး။ ။ ဇာတ်ကောင်နေရာတွေကိုရော ထပ်မံရွေးချယ် သွားဦးမလား။
ဗိုလ်ချုပ်ရုပ်ရှင်မှာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ အနီးစပ်ဆုံးသူတဲ့ သူတွေကို သရုပ်ဆောင်တွေကို ရွေးချယ်ပြီး ရိုက်ကူးသွားမှာပါ။ နာမည်ရှိခြင်း၊ မရှိခြင်းက အဓိက မကျပါဘူး။ နာမည်ရှိတဲ့ သူတွေနဲ့ ဇာတ်ရုပ်နဲ့ လိုက်ရင်လည်း ရွေးချယ်သွားမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်က ယခင်က ရွေးချယ်ထာတဲ့ ကျော်ကျော်မျိုးနဲ့ ဇာခြည်လင်းပါပဲ။
ဆက်စပ် သတင်းလင့်ခ် – ဗိုလ်ချုပ်ရုပ်ရှင်အတွက် စောင့်ရကျိုးနပ်အောင် ကြိုးစားမယ့် ကျော်ကျော်မျိုး
မေး။ ။ ရိုက်ကူးပြီးရင်ရော မြန်မာနိုင်ငံမှာပဲ ရုံတင် ပြသမှာလား။ နိုင်ငံတကာမှာရော ပြသသွားဖို့ ရှိမလား။
ဖြေ။ ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရိုက်တယ်ဆိုကတည်းက မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်းကို ဖော်ကြူးတာနဲ့ တူသလို မြန်မာ့တပ်မတော်သမိုင်းကြောင်းကို ဖော်ကြူးတာနဲ့လည်း တူတူပါပဲ။ အဓိကကတော့ ပြည်တွင်းက ပြည်သူပြည်သားတွေကို ရည်ရွယ်ပြီး ရိုက်မှာပါ။ သို့သော် ရိုက်ကူးမှု ကင်မရာတွေ အသံတွေနဲ့ အရည်အသွေးကိုတော့ နိုင်ငံတကာ အဆင့်မှီအောင် ရိုက်သွားပါမယ်။ ရိုက်ပြီးရင်လည်း နိုင်ငံတကာကို ပြသသွားနိုင်အောင် ကြိုးစားသွားမှာပါ။
မေး။ ။ အလှူငွေရော ထပ်ကောက်သွားဖို့ ရှိလား။ ရှိတဲ့ ငွေတွေနဲ့ပဲ လုံလောက်အောင် ရိုက်သွားမလား။
ဖြေ။ ။ ဇာတ်ကားက တာဝန်လည်း အရမ်းကြီးသလို ပြည်သူတွေရဲ့မျှော်လင့်ချက်ကလည်း ကြီးတဲ့ အတွက် ကျနော်ကတော့ ကားကို အကောင်းဆုံး ရိုက်သွားမှာပါ။ Budget ကတော့ ဒီလောက်ပဲ ရှိလို့ဆိုပြီး ကန့်သတ်ပြီး ရိုက်မှာတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ Budget ကိုလည်း လိုအပ်တာကို ရှာဖွေပေးဖို့ ပြည်ထောင်စုဝန်ကြီးကလည်း အာမခံထားပါတယ်။
မေး။ ။ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကိုလူမင်းအနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ အခုချိန်မှာ ကျနော်အတွက် ဒီရုပ်ရှင်နဲ့ ပတ်သတ်ပြီး အကြီးမားဆုံး စိန်ခေါ်မှုကတော့ ပရိသတ် ပြည်သူတွေရဲ့ မျှော်လင့်ချက် အရမ်းမြင့်မားနေမှုပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတော့ ရိုသေလေးစား ကိုင်းရှိုင်းကြတော့ အမှားအယွင်း၊ အတိမ်းအစောင်း၊ လိုအပ်ချက်၊ အားနည်းချက် ဖြစ်သွားမှာ အရမ်း စိုးရိမ်နေကြတဲ့အတွက် ဝိုင်းပြီးတော့ စိတ်ပူနေကြတာလည်း ဖြစ်သလို ဝိုင်းပြီးတော့ ပူပန်ပေးနေကြတာလည်း ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတော်ကားအနေနဲ့ တနိုင်ငံလုံး ဝန်ကြီးဌာနပေါင်းစုံကနေ ပံ့ပိုးမှာဖြစ်တဲ့ အတွက် လူတစုတဖွဲ့ကပဲ ဦးဆောင်ပြီးရိုက်တဲ့ ဇာတ်ကား မဟုတ်ပါဘူးလို့။ အဲ့အတွက် အားလုံးနဲ့ပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ။
The post ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးမယ့် လူမင်းနဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.