ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ မင်းသား Tom Hardy ပါဝင် သရုပ်ဆောင်ထားတဲ့ “Venom” ရုပ်ရှင်ဟာ ဒေါ်လာ ၃၅ ဒဿမ ၇ သန်းရရှိထားပြီး ပထမဆုံးနေရာမှာ ရပ်တည်နေသလို အဆိုတော် လေဒီဂါဂါရဲ့ “A Star Is Born” ရုပ်ရှင်ဟာလည်း ဒေါ်လာ ၂၈ သန်းနဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ပွဲဦးထွက်အဖြစ် ထွက်ရှိလာခဲ့တဲ့ မင်းသား Ryan Gosling ရဲ့ “First Man” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၆ ဒဿမ ၆ သန်းနဲ့ တတိယနေရာမှာ ရှိနေပြီး Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Goosebumps 2: Haunted Halloween” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၆ ဒဿမ ၂ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
ဝင်ငွေ ၅၆ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့တဲ့ “Venom” ရုပ်ရှင်ကတော့ သြဂုတ်လတုန်းက သီတင်း ၃ ပတ်ကြာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ “Crazy Rich Asians” ရုပ်ရှင်ပြီးရင် ထိပ်ဆုံးကို နှစ်ကြိမ်တိုင် ရရှိတဲ့ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အဆိုးမြင်မှတ်ချက်တွေ ရှိခဲ့ပေမယ့် အဲဒီရုပ်ရှင်ဟာ ဒေသတွင်းမှာ ဒေါ်လာ ၁၄၂ သန်းရရှိထားပြီး ဖြစ်ပါတယ်။
ပရိသတ်တွေ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ကြတဲ့ မင်းသား Bradley Cooper နဲ့ အဆိုတော် လေဒီဂါဂါတို့ ရဲ့ “A Star Is Born” ရုပ်ရှင်ကတော့ ဝင်ငွေ ၃၃ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်။
“First Man” ရုပ်ရှင်ပရိသတ်တွေကတော့ CinemaScore မှာ B+ အဆင့်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါရိုက်တာ Damien Chazelle ရိုက်ကူးတဲ့ “First Man” ရုပ်ရှင်ဟာ ကမ္ဘာ့ပထမဆုံး လပေါ်အခြေချသူ အာကာသယာဉ်မှူး Neil Armstrong ရဲ့ ဘဝ အကြောင်းနဲ့ ၁၉၆၉ ခုနှစ်မှာ Apollo 11 မစ်ရှင်နဲ့ လပေါ် ပထမဆုံးသွား ရောက်ခဲ့ ရတဲ့ခရီးစဉ် အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။
အဲဒီ ရုပ်ရှင်ကို ပြီးခဲ့တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲ တော်မှာလည်း ပြသခဲ့ပြီး အဓိကဆုကြီးတွေ ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Chazelle ဟာ ပြီးခဲ့တဲ့ နှစ်မှာ “La La Land” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိထားသူလည်း ဖြစ်ပါတယ်။
Warner Bros. ရဲ့ အန်နီမေးရှင်း ဟာသရုပ်ရှင် “Smallfoot” ကတော့ ဒေါ်လာ ၉ ဒဿမ ၃ သန်းနဲ့ ပဉ္စမ နေရာမှာ ရပ်တည်နေပါတယ်။ အဲဒီနောက်မှာ Universal ရဲ့ “Night School” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ သန်းနဲ့ ဆက်တိုက်ရပ်တည်နေပါတယ်။
Fox ရဲ့ “Bad Times at the El Royale” ရုပ်ရှင်ကတော့ ဒေါ်လာ ၇ ဒဿမ ၂ သန်းနဲ့ သတ္တမမြောက်နေရာမှာ ရှိနေပါတယ်။ Universal ရဲ့ “The House With a Clock in its Walls” ရုပ်ရှင်ကတော့ ဒေါ်လာ ၄ သန်းနဲ့ အဋ္ဌမနေရာမှာ ရပ်တည်နေပါတယ်။
“The Hate U Give” ရုပ်ရှင်ကတော့ ဒေါ်လာ ၁ ဒဿမ ၈ သန်းနဲ့ နဝမမြောက်နေရာမှာ ရပ်တည်နေပါတယ်။
Ref: reuters
The post ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရပ်တည်နေပြန်တဲ့ “Venom” ရုပ်ရှင် appeared first on ဧရာဝတီ.