ဒီတခါမိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်က ရိုက်ကူးထားပြီး ဒါရိုက်တာ Baik (Baek Jong-yul) ရိုက်ကူးထားတဲ့ Drama , Romance အမျိုးအစား ကိုရီးယားရုပ်ရှင် “The Beauty Inside” ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Han Hyo-joo ၊ Kim Dae-myung ၊ Do Ji-han နဲ့အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Woo-jin ဟာ အိပ်ရာထလာတဲ့အခါမှာ အခြားလူတယောက်အဖြစ်ပြောင်းလဲသွားပြီး သူအရင်နေ့ကဖြစ်ခဲ့ရတဲ့ ပုံစံကို ပျောက်ဆုံးသွားရတဲ့ ၂၉ နှစ်အရွယ် လူတယောက် ဖြစ်ပါတယ်။ သူပြောင်းလဲသွားပုံတွေကတော့ ကလေးလူကြီး အသက်အရွယ်မျိုးစုံဖြစ်ပြီး တခါတလေဆိုရင် နိုင်ငံခြားသားတွေအထိကိုပါ ပြောင်းလဲသွားတတ်ပါတယ်။
ယုံကြည်ရခက်ခဲ့တဲ့ကိစ္စတခုနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ Woo-jin ဟာ လူတွေနဲ့ ဘယ်တော့မှ အရောတဝင်နေလေ့ မရှိသလို သူအသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်နေတာကတော့ ပရိဘောက ဒီဇိုင်းဆွဲပြီး အွန်လိုင်းကနေတဆင့် ထုတ်လုပ်ရောင်းချခြင်းပဲဖြစ်ပါတယ်။
အခုလိုပြောင်းလဲခြင်းဟာ သူ့အသက် ၁၈ နှစ်ပြည့် မွေးနေ့မှာ စတင်ခဲ့တာဖြစ်ပြီး ပထမဦးဆုံးပြောင်းလဲမှုကတော့ သူကိုယ်တိုင် ဘယ်သူမှန်းမသိတဲ့ ဦးလေးကြီးတယောက်အဖြစ် ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ယုံကြည်ရခက်နေတဲ့ Woo-jin ဟာ သူ့အမေဆီ ပြေးသွားခဲ့ချိန်မှာ သူ့အမေရဲ့ မယုံကြည်နိုင်လောက်တဲ့ အကြည့်ကို တွေ့ကြုံခဲ့ရပြီး အမေတယောက်အနေနဲ့ သူကိုယ်တိုင် မွေးထားတဲ့ သားကိုတောင် မှတ်မိဖို့ ခက်ခဲနေခဲ့တာပဲ ဖြစ်ပါတယ်။
အိပ်ရာနိုးလာတိုင်း ပြောင်းလဲသွားတတ်တဲ့ Woo-jin ဟာ ကျောင်းကနေအပြီးအပိုင် ထွက်လိုက်ရတဲ့အထိဖြစ်ခဲ့ပြီး သူ့မှာ အခင်မင်ရဆုံး သူငယ်ချင်းတယောက်သာ တဘဝမှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ Woo-jin တိတ်တခိုးရင်ခုန်နေရတဲ့ Yi-soo ဟာ ပရိဘောဂဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး နေ့တိုင်းနေ့တိုင်း ကောင်မလေးရဲ့ ဝယ်သူအဖြစ် Woo-jin က သွားရောက်တွေ့ဆုံခဲ့ပေမယ့် ကောင်မလေးကတော့ သူ့ကို တပုံစံတည်း ဆက်ဆံတာကြောင့် ပိုမိုနှစ်သက်ခဲ့ရတာလည်းဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း ပုံစံအမျိုးမျိုးပြောင်းလဲသွားတတ်တဲ့ လူတယောက်ရဲ့ ဘဝဟာ ခက်ခဲပြီး ကိုယ်ချစ်တဲ့သူကို ဖွင့်ဟဝန်ခံဖို့ကတော့ ခက်ခဲတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ဒါရိုက်တာ Baik ရဲ့ ရိုက်ကူးပြသမှုတွေဟာ ဇာတ်ကောင်တယောက်ချင်းစီမှာ ထင်ဟပ်နေပြီး Woo-jin တယောက် သူ့ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။
IMDb rating (7.4) ရရှိထားတဲ့ ကိုရီးယားရုပ်ရှင် ကားကောင်းတကား ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
The post လူထူးဆန်းတယောက်ရဲ့ ချစ်ခြင်းမေတ္တာ အကြောင်း ရိုက်ပြထားတဲ့ “The Beauty Inside” appeared first on ဧရာဝတီ.