ဇာတ်ပို့သရုပ်ဆောင် တယောက်အနေနဲ့ အချိန်ကာလအတော်ကြာ ရပ်တည်ခဲ့ပြီး လတ်တလောမှာ နွမ်းပါးစွာဖြင့် သေဆုံးသွားခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ကို ဝါရင့်ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ ဦးလူမုန်းက နောက်ဘဝမှာ မင်းသမီးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
“ဒေါ်စံပယ်က ခင်ဖို့ကောင်းပါတယ်။ ချစ်ဖို့ကောင်းပါတယ်။ ရိုးရှင်းပါတယ်။ သူ့ဘဝကို ဆုတောင်းပေးဖို့က ကောင်းရာ မွန်ရာရောက်ပြီးတော့ နောက်ဘဝမှာ မင်းသမီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဇာတ်ပို့ သရုပ်ဆောင် ဘဝက ဆင်းရဲတယ်လေ။ ဒုက္ခရောက်တော့ နောက်ဘဝမှာ မင်းသမီးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဦးလူမုန်းက ပြောပါတယ်။

ဒေါ်စံပယ်နဲ့ ဦးလူမုန်းဟာ ယခင်ကတည်းက သိကျွမ်းခဲ့ပေမယ့် ဒါရိုက်တာဦးအောင်လွင်ရိုက်ကူးတဲ့ “သရာစောထိ” ရုပ်ရှင်ဇာတ်ကားမှာသာ ကားရိုက်ဆုံဖူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်စံပယ်ဟာ အောက်တိုဘာလ ၂၄ရက်နေ့မှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသဂြိၤုဟ်ခဲ့ပါတယ်။

ဒေါ်စံပယ်ရဲ့ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်ခဲ့တဲ့ ဦးလူမုန်းက အသုဘမြင်ကွင်းနဲ့ ပတ်သက်ပြီး “ကျနော်တို့ ရုပ်ရှင်လောကမှာက ဇာတ်ပို့အလွှာက အရမ်းကိုနွမ်းပါးပါတယ်။ အသုဘရှုခင်းဆိုလည်း လာပို့တဲ့သူနည်းပါတယ်။ သူ့အတွက်တော့ စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး “မြန်မာပြည်မှာက ဇာတ်ပို့အလွှာဆိုတာ နွမ်းပါးတဲ့သူများပါတယ်။ မိဘ ဘဝအဆက်ဆက်က ချမ်းသာလာတဲ့သူဆိုတမျိုးပေါ့ဗျာ။ အစကတည်းက နွမ်းပါးတဲ့သူဆိုရင်က ဝါသနာအရင်းခံနဲ့လုပ်နေတာ များပါတယ်။ ကျနော်တို့လောကမှာ အဆင်ပြေတဲ့သူတွေက ကျနော်တို့အလွှာနဲ့ တခြားစီပါပဲ။ ကျနော်တို့အလွှာက ရုပ်ရှင်လောက သားတွေအကုန်လုံးအဆင်ပြေပါစေ ။ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။
The post ဒေါ်စံပယ်ကို နောက်ဘဝမှာ မင်းသမီးဖြစ်ပါစေလို့ ဆုတောင်းပေးတဲ့ လူမုန်း appeared first on ဧရာဝတီ.