အမျိုးသမီး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် ဒေါင်းကတော့ ရုပ်ရှင်ဇာတ်ကားများကို စိစစ်ပြီးတော့ ရိုက်ကူးလျက်ရှိပြီး သူ့ရဲ့လက်ရှိ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်မျိုးကိုပဲ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။
“ဇာတ်ကားတွေကို စိစစ်ပြီးတော့ ရိုက်တယ်။ စိစစ်တယ်ဆိုကတည်းက ကြေး (ဂျီး) များတာ မဟုတ်ဘူးလေ။ ကျနော်တတ်နိုင်တဲ့ အနုပညာ၊ ဖန်တီးမှုက သစ္စာရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လာခဲ့တာဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲ ကျနော်ဖြတ်သန်းသွားမှာပဲ” လို့ ဒေါင်းက ပြောပါတယ်။
ဇာတ်လမ်းကောင်းတွေ အများကြီး ရှိပေမယ့် သူဖတ်ဖူးတဲ့ စာအုပ်များ၊ ဇာတ်လမ်းများထဲက နားလည်တဲ့ ဇာတ်ကောင်များကိုသာ ရိုက်ကူးဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကောင်းတဲ့အရာတွေ ဆိုတာထက် ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲက ကျနော်သိတဲ့ ကျနော်တကယ် နားလည်တဲ့ ဇာတ်ကောင်တွေကိုပဲ ကျနော်ရိုက်တယ်။ ပြီးတော့ ကျနော်အရွယ်နဲ့ လိုက်မယ့် မှတ်တမ်းတင်နိုင်မယ့် အရာမျိုးကိုပဲ စိတ်ဝင်စားတယ်။ ဒီအရွယ်မှာ ကျနော်အသက် ၄၀ အရွယ် ကာရိုက်တာ မရိုက်သင့်သေးဘူး”လို့ ဒေါင်းက ပြောပါတယ်။
မကြာခင်မှာလည်း ဒေါင်းရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲဟာ နိုဝင်ဘာလအတွင်း ပြသတော့မှာဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ သိရပါတယ်။
“ပုဂံမြို့သူ ပြသတော့မယ့်အတွက် အရမ်းရင်ခုန်ပါတယ်။ ကျနော့် ဒီအသက်အရွယ်မှာ ကျနော့်ရဲ့ လုပ်နိုင်စွမ်းထဲက တခုပေါ့။ အမှတ်တရတွေက အများကြီးပဲ။ ၄ လလုံး အတူတူဖြတ်သန်းခဲ့တာ။ တူတူ စားတယ်။ တူတူ သွားတယ်။ ဇာတ်လမ်းဆိုရင်လည်း အတူတူစိတ်ကူးပြီးတော့မှ ဒီဇာတ်လမ်းကြီးကို ရိုက်ခဲ့ကြတာဆိုတော့ အများကြီးပဲ။ အဲဒီအများကြီးထဲကမှ အဓိက အမှတ်တရကတော့ ဦးမောင်နဲ့ အချိန်တိုအတွင်းမှာ သားအဖလို ဖြစ်သွားကြတဲ့ ခံစားချက်ပဲ”လို့ ဒေါင်းက ပြောပါတယ်။
အဆိုပါ ပုဂံမြို့သူရုပ်သံ ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာအဖြစ် အကယ်ဒမီ ကျော်သူ ရိုက်ကူးပြီး ဒေါင်းနဲ့အတူ သရုပ်ဆောင် ထူးအောင်၊ မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဦးကျော်သူနဲ့ လက်တွဲပြီး ရိုက်ကူးရတဲ့အပေါ် “ကျနော်တို့ ဒီဇာတ်လမ်းပေါ်မှာ ခံစားသက်ဝင်ပုံချင်း မတူကြဘူး။ ကျနော်ဇာတ်ညွှန်း ဖတ်တဲ့ခံစားချက်နဲ့ ဦးမောင် ဇာတ်ညွှန်းဖတ်တဲ့ ခံစားချက် မတူကြဘူး။ ကျနော်တို့က လူငယ်လည်း ဖြစ်တယ်။ ဒီခေတ်မှာ ကြီးပြင်းလာတဲ့ လူငယ်တယောက် ဖြစ်တဲ့အတွက် ဒီခေတ်အတိုင်းပဲ ဖြတ်သန်းတာ။ ဦးမောင်တို့ကျတော့ အရင်က သူဖြတ်သန်းခဲ့တဲ့ ပုံစံပေါ့”
“မျိုးဆက်၂ခု ခံစားချက်ချင်း မတူဘူး။ အမြင်ချင်း မတူဘူး။ ဒါပေမယ့် ဦးမောင်က ကျနော့်အမြင်ကို ပိုပြီးဦးစားပေးပါတယ်။ အဲဒီ ဦးစားပေးတာတွေ ဖန်တီးမှုပေးတာတွေက ကျနော့်ကို အများကြီးတိုးတက်စေတာပဲလေ”လို့ ဒေါင်းက ပြောပါတယ်။ ဒေါင်းက ထပ်မံပြီးတော့ ဦးကျော်သူနဲ့အတူ “၁၀၁၄” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
The post အသက်အရွယ်နဲ့ လိုက်မယ့် ဇာတ်ကောင်မျိုးကိုသာ စိတ်ဝင်စားတဲ့ ဒေါင်း appeared first on ဧရာဝတီ.