အဆိုတော် နီနီခင်ဇော်ရဲ့ သီချင်းအသစ်တပုဒ်ဖြစ်တဲ့ ”ခင့်မှာတမ်း” ဗီဒီယိုဖိုင်ကို ကလေးသရုပ်ဆောင် ထိပ်ထားသခင်က ပြန်လည် ရိုက်ကူးထားတဲ့အပေါ် နီနီခင်ဇော်က အရမ်းသဘောကျ နှစ်သက်တယ်လို့ ဆိုပါတယ်။
”ကလေးဗားရှင်း ထွက်လာတော့ နီနီက ချစ်တာပေါ့နော်။ သူတို့တွေက ကျတော့ သိတတ်ပြီးတော့ လုပ်မှာ မဟုတ်ဘူး။ သူက တကယ်ကို စိတ်ထဲမှာရှိတဲ့ အရင်းခံနဲ့ကို လုပ်တာဆိုတော့ သဘောကျတယ်။ ထိပ်ထားကလည်း အနုပညာရှင် တော်တော်များများကို ချစ်ပါတယ်။ ဒါပေမဲ့ သူက ကလေးတယောက်မှာ ရှိရမယ့် IQ ထက် အရမ်းမြင့်နေတာ”
“သူ့အမေက နီနီ့ကို မက်ဆေ့ချ် ပို့တယ်။ ထိပ်ထားကို သူလုပ်ခိုင်းပြီး ရိုက်ပေးတာ မဟုတ်ဘူးတဲ့။ မေမေ သမီးက ဒီလိုရိုက်ချင်တယ် ဆိုတော့ အိမ်မှာရှိတဲ့ စန္ဒယားလေးတွေ၊ ပစ္စည်းလေးတွေ ချပြီးတော့ နီနီ့ရဲ့ မျက်နှာချေလေးရယ်နဲ့ ရိုက်လိုက်တာ။ သူ့ဘာသာ ဆိုပြီး သူ့ဘာသာ လုပ်သွားတာ အစအဆုံးပေါ့။ မေမေ ဒီလိုရိုက်၊ ဒီလိုရိုက် ဆိုတာလည်း သူ့ဘာသာပြောတာ”
“များသောအားဖြင့်ကလေ မိတ်ကပ်ဆရာမတွေ ရိုက်တာ များတယ်။ သူတို့လည်း ကြိုက်ကြတာပေါ့နော်။ ချစ်တယ်။ အရမ်း အဲဒီလို ရိုက်ပေးရင် နီနီ အရမ်းသဘောကျတယ်။ နီနီ့ကို ပြောင်တာ မဟုတ်ဘူး။ ချစ်လို့ကို ရိုက်ပေးကြတာ။ မိန်းကလေး အစစ်က ရိုက်တာတော့ နီနီ မမြင်ဖူးသေးဘူး”လို့ နီနီခင်ဇော်က ပြောပါတယ်။
“ခင့်မှာတမ်း”သီချင်းကို ရိုက်ဖြစ်တာက ကိုယ်တိုင်က တနှစ်ထက် တနှစ် ကြာလာရင် ရိုးတတ်တာကြောင့် အပြောင်းအလဲလေး ဖြစ်အောင် ရိုက်ကူးဖြစ်တာလို့ဆိုပြီး ဒီအတွက်လည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။
“နီနီတို့က ကြိုပြီးစဉ်းစားထားတာ မရှိဘူး။ သီချင်းရေးရင်လည်း အဲ့လိုပဲ အိုင်ဒီယာ ရချိန်မှာပဲ ချက်ချင်းရေးတာ။ ရေးရင်လည်း အချိန်သိပ်မကြာဘူး။ ကြာရင် ၁ နှစ်လောက် ကြာတယ်။ နီနီခင်ဇော်ဆိုတာ စိတ်ကနေ စေခိုင်းတဲ့ အနုပညာကို လုပ်တဲ့ သူပါ။ နီနီကိုယ်တိုင်လည်း တနှစ်ထက်တနှစ် ကြာလာရင် ရိုးတတ်တာကြောင့် အပြောင်းအလဲလေးဖြစ်အောင်လို့ပါ ဒီသီချင်းလေးကိုလုပ်ဖြစ်တာပါ”
“အခက်အခဲတွေ အများကြီးရှိတယ်။ ဓာတ်ပြားသီချင်းပုံစံမျိုး ဆိုရတာဖြစ်တာကြောင့် ဆိုတဲ့ ဟန်ပန် သရုပ်ဆောင်တာ၊ ကတာပါတော့ နီနီ မတတ်ကျွမ်းတာကို လုပ်ရသလိုပါပဲ။ ရေးလည်း ရေးရသေးတာကို ပရိသတ်တွေ ရသတခု ရပြီး ကြိုက်ကြလို့ ဝမ်းသာရပါတယ်။ နောက်တခုထပ်လုပ်ဖို့ မလွယ်သေးပါဘူး။ ခင်မဟုတ်ဘဲ နောက်ထပ် ဖန်တီးမှုအသစ်တွေ လာပါဦးမယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။
နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှုများစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တယောက် ဖြစ်လို့နေပါပြီ။ ဂီတ အလုပ်တွေမှာလည်း အောင်မြင်မှု ရရှိထားသလို သူ့ရဲ့ ကိုယ်ပိုင်အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက် ရှိပါတယ်။
The post နောက်ထပ် ဖန်တီးမှုအသစ်တွေ လုပ်ပြဦးမယ့် နီနီခင်ဇော် appeared first on ဧရာဝတီ.