သရုပ်ဆောင် ပိုင်ဖြိုးသုက လတ်တလောမှာ ရုံတင်ပြသမယ့် သူမပါဝင်ထားတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံနေရသူတဦးပါ။ ဒီဇာတ်ကားမှာ ပိုင်ဖြိုးသုက ဇာတ်ကား ကာရိုက်တာအရ မီ ဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ရာမှာ ဆေးလိပ်ကို သောက်သုံးတဲ့ အခန်းတွေ ပါဝင်နေတဲ့အတွက် ပြောဆိုခြင်းခံရတာ ဖြစ်ပါတယ်။
ပိုင်ဖြိုးသုက ကျန်းမာရေး သံတမန်အဖြစ် ခန့်အပ်ထားခြင်း ခံထားရတဲ့အတွက် ဒီလို ဇာတ်ဝင်ခန်းရိုက်ကူးတာ မသင့်တော်ဘူးလို့ facebook သုံးစွဲသူတဦးက ရေးသားရာမှာ ဒီလိုဝေဖန်မှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ ၊ အနောက်မြင်းပြိုင်ကွင်းနားမှာရှိတဲ့ “ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးမှာ စာနယ်ဇင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပိုင်ဖြိုးသုက ဇာတ်ကားရိုက်ကူးစဉ်မှာ “မီ” ဇာတ်ရုပ်ပီပြင်ရန်အတွက်သာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူငယ်တွေ အတုယူမှားစေရန် တမင်ရည်ရွယ်ကာ ရိုက်ကူးခဲ့ခြင်း မဟုတ်ကြောင်း ဝမ်းနည်းစွာနဲ့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
”သုသု မီ ဇာတ်ကားရိုက်နေတဲ့အချိန်မှာ သုသုစိတ်ထဲမှာ မီ ဖြစ်ဖို့ ၊ ဆရာမကြီး ကြည်အေးရဲ့ မီ ဖြစ်ဖို့ဆိုတဲ့ စိတ်တခုပဲ ရှိခဲ့တယ်။ အဲ့ဒီ ဇာတ်ကောင်ပေါ်မှာပဲ သစ္စာရှိစွာနဲ့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအတွက် အပြောခံရတာလည်း စိတ်မကောင်းပါဘူး။ သုသုဘဝမှာ ငွေဆိုတာကို ဘယ်တော့မှ ထည့်မတွက်ခဲ့ပါဘူး။ သရုပ်ဆောင်တွေအားလုံးကလည်း ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကို အပီပြင်ဆုံးဖြစ်အောင် လုပ်တာပါ”

“ကိုယ့်အလုပ်က သရုပ်ဆောင်ဖြစ်တဲ့အတွက် တကယ်အပြင်မှာဖြစ်နေသလို ကိုယ့်ကိုယ်ကို အနာခံတယ် နေမကောင်း အဖြစ်ခံပြီးတော့ အစွမ်းကုန်ကြိုးစားတယ်။သုနဲ့ တွဲပြီးအလုပ်လုပ်ပြီးတဲ့ သူတွေဆိုသိတယ် ငွေကသုအတွက် အရေးကြီးတဲ့အရာလား၊ သရုပ်ဆောင်က အရေးကြီးတဲ့အရာလားဆိုတာကို သုနဲ့ အလုပ်လုပ်ဖူးသူတိုင်းသိတယ်။ မီဇာတ်ရုပ်သရုပ်ဆောင်ချိန်မှာ ဆရာဝန်ဆိုတာကိုလည်း မေ့နေပါတယ်” လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
ရှင်းလင်းပွဲမှာ ပိုင်ဖြိုးသုကို ကျန်းမာရေး သံတမန်အဖြစ် ရုပ်သိမ်းသွားမှာ မဟုတ်တဲ့အကြောင်းကို ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။
”သူကလည်း ကျန်းမာရေးအတွက် သံတမန်အဖြစ်ဆောင်ရွက်ပေးနေတာ။ ဆရာတို့ဘက်ကလည်း သံတမန်ရဲ့ တာဝန် ဝတ္တရားလေးတွေ ရှင်းပြဖို့လိုတယ်။ သူတို့ကလည်း ဆေးလိပ်သောက်တာကို Promote လုပ်တာမဟုတ်ပါဘူး ဆိုတာကို လည်း ဇာတ်ကားထုတ်လုပ်သူဘက်ကရော၊ သရုပ်ဆောင်ဘက်ကရော ရှင်းပြတယ်။ သူကိုယ်တိုင်က မချိုးဖောက်တဲ့ အတွက် ဒီလို စာနယ်ဇင်းပွဲလုပ်ပေးတာပါ။ တကယ်လို့ ချိုးဖောက်တယ် ဆိုရင် သံတမန်အဖြစ်က ရပ်ဆဲပြီးဖြစ်မှာပါ” လို့ ဆိုပါတယ်။
မီ ဇာတ်ကားကို ထုတ်လုပ်တဲ့ ပိုင်ဖြိုးသု ရဲ့ မိခင်ကလည်း ရှင်းလင်းပွဲမှာ အခုလိုဆိုပါတယ်။
“ထုတ်ရိုက်တဲ့ ကားကို လူတိုင်းကအံ့ဩတယ်။ ငွေမရတဲ့ကားကို ဘာလို့ထုတ်ရိုက်နေလဲဆိုပြီး ပြောကြတယ်။ ကိုယ့်သမီးက ဒီကာရိုက်တာကို လုပ်ချင်တာကြောင့်ရိုက်ဖြစ်တယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီးလည်း “ပိုစတာမှာ စတေကာကပ်သင့်တယ်လို့ လူကြီးတယောက်ကပြောရင် အန်တီကပ်မှာပဲ။ နောက် အန်တီတို့ကို ဝေဖန်ပြောဆိုနေတဲ့သူကလည်း ကပ်ပေးပါပြောရင် ကပ်မှာပါ။ အခုဟာက အန်တီတို့ကို ငွေငွေငွေနဲ့ အန်တီတို့ကို အရမ်းစော်ကားတာ။ ငွေအတွက်ဆိုရင် အန်တီဒီလို ကားမရိုက်ဘူး။ ပိုက်ဆံမရတဲ့ကားကို အန်တီရိုက်စရာ မလိုဘူးလေ” လို့ ဆိုပါတယ်။
မီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ပရိသတ်အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ မီ ရုပ်ရှင် ဇာတကားကြီးမှာ သရုပ်ဆောင် နေတိုး၊ သားညီ၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။
The post ကျန်းမာရေး သံတမန်အဖြစ် ဆက်လက်ရှိနေမယ့် ပိုင်ဖြိုးသု appeared first on ဧရာဝတီ.