ဗြိတိသျှအဆိုတော် Jessie J ဟာ ကလေးယူဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးတဲ့ပုံပါပဲ။ အမေရိကန် မင်းသား Channing Tatum နဲ့ တွဲနေတဲ့ Jessie ဟာ ကလေးမရနိုင်ဘူးလို့ လွန်ခဲ့တဲ့ ၄ နှစ်က ပြောတာခံခဲ့ရတဲ့ အကြောင်းနဲ့ အစားအသောက် စားတဲ့ပုံစံကိုပြောင်းလဲခဲ့ပြီး တနေ့မှာ ကလေးမွေးနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ရရှိဖို့ သဘာဝဖြည့်စွက်စာတွေကို အသုံးပြုနေတဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
သူက Instagram မှာ “ကျမ ရရှိခဲ့တဲ့အချစ်နဲ့ ထောက်ခံမှုတွေက ဝမ်းမြောက်စရာကြီးပါ။ ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ကျမ ကလေး မရနိုင်တော့ဘူးလို့ သိခဲ့ရပါတယ်။ သားအိမ်ကို ချက်ချင်း ဖယ်ရှားဖို့နဲ့ ဆေးကုသဖို့ အကြံပေးခံခဲ့ရပါတယ်။ ကျမ သားအိမ်ကို ဖယ်ရှားကို ငြင်းပယ်ခဲ့ပါတယ်”
“သဘာဝဆေးတွေနဲ့ အစားအသောက်ပုံစံ ပြောင်းလဲမှုကနေ ကျမ ကုသနေပါတယ်။ ကျမ မျှော်လင့်ချက်ကိုတော့ အရှုံးမပေးသေးပါဘူး။ ကျမ ခန္ဓာကိုယ်ကနေ လက်ခံနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်လာအောင် ကျမ လုပ်ဆောင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၀ အရွယ် အဆိုတော် Jessie က သူဟာ အံ့သြဖွယ်ရာ ဆိုတဲ့အရာကို ယုံကြည်နေဆဲဖြစ်ကြောင်းနဲ့ တနေ့မှာ ကလေးမွေးနိုင်ဖို့ နည်းလမ်းတခု ရှာဖွေနိုင်မယ်လို့ ထင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
သူက “ကျမရဲ့ ခရီးလမ်းက ၁ သန်းထဲမှာမှ တခုလည်း ဖြစ်နိုင်ပါတယ်။ ကျမ အမျိုးသမီးတွေနဲ့အတူ ရပ်တည်ပါတယ်။ ကျမတို့ရဲ့ စိတ်ထိခိုက်လွယ်တဲ့ နာကျင်မှုကို တောင့်ခံထားကြပါတယ်။ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲကြပါ။ ကျမ မိခင်တယောက် ဖြစ်လာဦးမှာပါ။ ရှင်တို့လည်းဖြစ်လာမှာပါ။ ကျမ ထူးဆန်းဖွယ်ရာ ဆိုတာကို ယုံကြည်ပါတယ်”
“သဘာဝအတိုင်း ဖြစ်မလာခဲ့ဘူးဆိုရင်တောင် ခရီးလမ်းဆုံးသွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမတို့ထဲကနေ မိခင်တယောက် ဖြစ်လာဦးမှာပါ။ အဲဒါက နေ့တိုင်းအားဖြစ်စေပါတယ်။ ကျမတို့ ကြံ့ခိုင်ရပါမယ်။ အချိန်က စကားပြောမှာပါ” လို့ ရေးသားခဲ့ပါသေးတယ်။
ဒါ့အပြင် ကြင်နာတဲ့ သတင်းစကားတွေ ပြောဆိုခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုခဲ့ပြီး သူ့ရဲ့ ပြဿနာတွေကို ဖွင့်ပြောလိုက်ရတဲ့အချိန်မှာ ကြောက်ရွံ့တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း လန်ဒန်မြို့မှာရှိတဲ့ Royal Albert Hall မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ တခုမှာ ကလေး မရနိုင်တဲ့အကြောင်း ပရိသတ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref: contactmusic
The post ကလေး မရနိုင်ပေမယ့် မိခင်တယောက်ဖြစ်ဖို့ အိပ်မက်ကို မစွန့်လွှတ်သေးတဲ့ Jessie J appeared first on ဧရာဝတီ.