ဘောလိဝုဒ် ဒါရိုက်တာ S Shankar က သူရိုက်ကူးထားတဲ့ “2.0” ရုပ်ရှင်ထဲမှ ဗီလိန်နေရာအတွက် မင်းသားကြီး အာနိုးရှဝါဇန်နက်ဂါကို ကမ်းလှမ်းခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ပြီးနောက် အဲဒီ ဇာတ်ရုပ်ကို မင်းသား Akshay Kumar ထံ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။
မင်းသားကြီး Rajinikanth ဟာ လာမယ့် နိုဝင်ဘာလ၂၉ ရက်နေ့မှာ ရုံတင်မယ့် စက်ရုပ်အသားပေး ဒုတိယမြောက် စီးရီးတွဲ ရုပ်ရှင်မှာ Chitti ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။
ရုပ်ရှင်အတွက်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာ Shankar က “မင်းသား အာနိုးကို ထည့် စဉ်းစားခဲ့ပါသေးတယ်။ စကားပြောဆိုခဲ့ပြီး ရက်ချိန်းတောင် ယူခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဟောလိဝုဒ်နဲ့ အိန္ဒိယတို့အကြားက စာချုပ်တွေက ဆန့်ကျင်ဘက်တွေဖြစ်နေလို့ အထမမြောက်ခဲ့ပါဘူး။ ဒါကြောင့် အိန္ဒိယရုပ်ရှင်လုပ်ငန်းထဲကပဲ တော်တဲ့ သရုပ်ဆောင်တယောက်ကို စဉ်းစားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒါရိုက်တာကြီးရဲ့အဆိုအရ ရုပ်ရှင်ထုတ်လုပ်သူ Lyca နဲ့ မင်းသား Akshay တို့ဟာ ဟင်ဒီဘာသာနဲ့ Kathi လို့ ခေါ်တဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖို့ ဆွေးနွေးနေခဲ့တာလို့ ဆိုပါတယ်။ ဒါရိုက်တာရဲ့ အဆိုအရ မင်းသား Akshay ကိုသာ ထည့်သုံးဖို့ အကြံပေးခဲ့ကြပြီး အဲဒီအကြံဟာ ပိုကောင်းမယ်လို့ ထင်ခဲ့တယ်လို့လည်း သိရပါတယ်။
မင်းသားကြီးအာနိုးကို ကမ်းလှမ်းထားခဲ့ပေမယ့် မင်းသား Akshay ကို ဇာတ်လမ်းအကြောင်း ပြောပြလိုက်တဲ့အခါ သူ့ဆီကနေ သဘောတူညီချက်ရခဲ့တယ်လို့ ဆိုပါတယ်။ အခုရုပ်ရှင်ဟာ နိုင်ငံတကာစံချိန်စံညွှန်းမီ ပုံစံအတိုင်း ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်တွေအားလုံးနဲ့ချိတ်ဆက်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ဒါရိုက်တာက ဆိုပါတယ်။
အရင်တုန်းက ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထက် အခုရုပ်ရှင်ရဲ့ နည်းပညာက ပိုမိုကောင်းမွန်ပြီး အဲဒါကြောင့်လည်း ရုပ်ရှင်နာမည်ကို “2.0”လို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
Ref: indianexpress
The post “2.0” ရုပ်ရှင်မှ ဗီလိန်နေရာအတွက် အာနိုးကို ကမ်းလှမ်းခဲ့ကြောင်း ဒါရိုက်တာပြော appeared first on ဧရာဝတီ.