ဖျော်ဖြေရေးကုမ္ပဏီကြီး CJ ENM က ထိပ်တန်းအမေရိကန်စတူဒီယိုတွေနဲ့အတူ ပူးပေါင်းပြီး နာမည်ကျော် ကိုရီးယားရုပ်ရှင်နှစ်ခုကို အမေရိကန် ဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးသွားမယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ ၂၀၁၁ ခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ “Sunny” ရုပ်ရှင်ကို HartBeat ထုတ်လုပ်ရေးနဲ့တူ “Bye Bye Bye” ဆိုတဲ့နာမည်နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဇာတ်ညွှန်းကို စတင်ရေးသားနေပြီဖြစ်ပြီး လာမယ့်နှစ်ဝက်နှောင်းပိုင်းကာလမှာ စတင်ရိုက်ကူးနိုင်မယ်လို့ ရည်မှန်းထားပါတယ်။
Universal Studios က အမေရိကန်ပုံစံပြန်ရိုက်မယ့် ရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖြန့်ချိရေးအတွက် တာဝန်ယူပေး မှာဖြစ်ပါတယ်။
CJ ကနေပဲ ၂၀၁၄ ခုနှစ်မှာ ဖြန့်ချိပေးခဲ့တဲ့ “Miss Granny” ရုပ်ရှင်ကိုလည်း Tyler Perry Studios နဲ့ MGM တို့နဲ့အတူ ပူးပေါင်းပြီး “Ms. Granny” ဆိုတဲ့နာမည်နဲ့ အမေရိကန်ဗားရှင်းပြန်ပြောင်းဖို့ ပြင်နေပါပြီ။
CJ မှ တာဝန်ရှိသူတဦးက “ကျောင်းသားဘဝအမှတ်တရတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ဂီတတွေကို ပြန်လည်တမ်းတ နိုင်မှုတွေက အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ချိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခြေအနေတွေက ထုတ်လုပ်ရေးနဲ့ အမေရိကန်ရုပ်ရှင်အဖြစ် ဖြန့်ချိတဲ့ လုပ်ငန်းစဉ်မှာ Universal Studio ရဲ့ ငွေကြေးထောက်ပံ့မှု၊ မာကတ်တင်း၊ ဖြန့်ဖြူးရေး ကွန်ရက်တွေကို အပြည့်အဝ အသုံးချနိုင်တော့မှာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။
“Miss Granny” ဆိုတဲ့ ရုပ်ရှင်ကတော့ နာမွန်ဟီးဆိုတဲ့ အသက်ကြီးပိုင်းအမျိုးသမီးကြီးတဦးက အမှတ်မထင် ငယ်ရွယ်တဲ့ ဘဝကို ထူးဆန်းဖွယ်ပြန်လည်ပိုင်ဆိုင်လိုက်ရပြီးတဲ့နောက် မိသားစုဘဝကို ရှေ့တန်းတင်ခဲ့လို့ သူစွန့်လွှတ်လိုက်ရတဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
“Sunny” ဆိုတဲ့ရုပ်ရှင်မှာတော့ အထက်တန်းကျောင်းတခုမှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ မိန်းကလေး ၇ ဦးက ၂၅ နှစ်ကြာ ကွဲကွာခဲ့ပြီးတဲ့နောက် သူတို့ထဲကတယောက် ဆေးရုံမှာ သေအံ့ဆဲဆဲဖြစ်ရာကနေ အားလုံးကို နောက်ဆုံးတခေါက် ပြန်လည်မြင်တွေ့ချင်တဲ့ ဆန္ဒပြည့်မြောက်ခဲ့ပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။
Ref:yonhap
The post နာမည်ကျော် “Sunny” နဲ့ “Miss Granny” ကိုရီးယားရုပ်ရှင်များကို ပြန်လည်ဆန်းသစ်ရိုက်ကူးမည် appeared first on ဧရာဝတီ.