Rock သီချင်းတွေကို ပရိသတ်အကြိုက်တွေ့အောင် သီဆိုတတ်တဲ့ အဆိုတော်သာဒီးလူက ဂီတလောကက ဆယ်စုနှစ်တစု အနှုတ်လက္ခဏာပြနေတဲ့ အခြေအနေကနေ ကောင်းတဲ့ဘက်ကို ရောက်လာပြီလို့ ဆိုပါတယ်။
“လက်ရှိဂီတနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုက အနှုတ်လက္ခဏာပြနေတာက အခုကောင်းတဲ့ ဘက်ကို ရောက်လာပါပြီ။ အဆင်ပြေပါတယ်။ အခုလောလောဆယ်တော့ နောက်လာမယ့်မျိုးဆက်သစ်တွေအတွက် ကျနော်တို့တွေ အကောင်းဆုံးဖြစ်အောင် အုတ်မြစ်ချပြီးကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
သာဒီးလူက လတ်တလောမှာ ရုပ်ရှင်သီချင်းတွေကို ရေးဖြစ်နေပြီး ကြော်ငြာအတွက် သီချင်းများလည်း ဖန်တီးနေတယ်လို့ ဆိုပါတယ်။
“ပရိသတ်တွေက ကျနော်သီချင်းတွေကို သဘောကျလားဆိုတာ အားပေးတဲ့ သူပေါ်မှာပဲမူတည်တယ်။ ကျနော်တို့ကတော့ ကိုယ်စိတ်ထဲမှာရှိတာကိုပဲ ကိုယ်လုပ်တာဆိုတော့ ပရိသတ်အားပေးမှုကတော့ အထိုက်သင့်လျောက်ပေါ့။ သီချင်းတွေကို ကိုယ်တိုင်ရေးဖြစ်တာကလဲ ခံစားမှုပါပဲ”လို့ ဆိုပါတယ်။
ဂီတလောကထဲက အဆိုတော် လေးဖြူက အဆိုတော်သာဒီးလူအတွက် အရမ်းကြိုက်ရသလို သူ့ကို လွှမ်းမိုးတယ်လို့လည်း ဆိုပါတယ်။
“ကျနော်ကို ဂီတလောကထဲ လွှမ်းမိုးထားတဲ့ အဆိုတော်ဆိုရင် ကိုလေးဖြူပေါ့။ ကျနော်အရင်ကတည်းကကြိုက်ခဲ့တယ်။ အကွက်ဝတ်တာတွေ ဆံပင်ရှည်ထားတာတွေ ကျနော်တော်တော်ကြိုက်တယ်။ သူငယ်ချင်းတွေက မင်းဆိုပုံတွေ တူတယ်ပေါ့။ ပြောဆိုနေကြတယ်။ အဲ့ဒါကလည်း သီချင်းဆိုရင်းနဲ့ သူ့ဟာသူ mood ဝင်သွားတယ်။ ကျနော်ကြိုက်တဲ့ အဆိုတာ်တယောက်က ကျနော့်ကို လွှမ်းမိုးထားတော့ ပျော်တယ်”လို့ ဆိုပါတယ်။
သာဒီးလူရဲ့ ပထမဆုံးတကိုယ်တော်အခွေဖြစ်တဲ့ “ပြယုဒ်” တကိုယ်တော်အခွေကလည်း လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင်ခဲ့သလို ဒုတိယတကိုယ်တော်အခွေ “ကျွန်တော်ရူးနေသည်” သီချင်းအသစ်တချို့နဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ အချိန်မှာလည်းအောင်မြင်မှုရခဲ့ပါတယ်။
အဆိုတော်သာဒီးလူရဲ့ အောင်မြင်တဲ့သီချင်းတွေကတော့ “ရန်သူတော် ၆ ပါး”၊ “ပြည့်တန်ဆာ”၊ “လိုသလိုသုံး” စတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
The post အဆိုတော်လေးဖြူကို အရမ်းကြိုက်ခဲ့တဲ့ သာဒီးလူ appeared first on ဧရာဝတီ.