Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ နေခန့်မင်းသစ်ကတော့ မြန်မာပြည်မှာ အသစ်ဆိုရင် လက်မခံကြတာများပြီး တိုးရတာ ခက်ခဲတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပြန်ဆိုတေးတွေ ဆိုရင်တော့ ပရိသတ်ကတော့ လက်ခံတာပေါ့နော်။ ဒါပေမဲ့ ပွဲတွေမှာ ကျနော် ကိုယ်တိုင် ရေးထားတာပဲဖြစ်ဖြစ်၊ သီချင်းဆရာဆီက သီချင်းပဲဖြစ်ဖြစ် ဆိုကြည့် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ မြန်မာပြည်မှာက အသစ်ဆိုရင် လက်မခံချင်ကြတာက များတယ်။ ပြောရမယ်ဆိုရင်တော့ တိုးရတာခက်တယ်။ တဖြည်းဖြည်းနဲ့ ပရိသတ်လက်ခံလာနိုင်အောင် ကြိုးစားဖို့က ကိုယ့်တာဝန်ပဲ။ လက်ခံတာ၊ လက်မခံတာက ကိုယ့်ရဲ့စန်းနဲ့ ကံပေါ့” လို့ နေခန့်မင်းသစ်က ပြောပါတယ်။
ပွဲများမှာ သီချင်းများနဲ့ ဖျော်ဖြေရတဲ့အခါမှာ ပြန်ဆိုတေး သီချင်းများကို သီဆိုတဲ့အခါမှာ ပရိသတ်အများက လက်ခံကြပြီး ကိုယ်တိုင်ရေးထားတဲ့ သီချင်းနဲ့ တေးရေးဆရာဆီက ဝယ်ယူထားတဲ့ သီချင်းအသစ်များကို ဆိုတဲ့အခါမှာ ဘယ်သူမှ လက်မခံကြဘူးလို့ ပြောပါတယ်။
“ကျနော်အစွမ်းကုန် ကြိုးစားသွားမှာပေါ့နော်။ ကျနော်သိသလောက် တတ်သလောက်နဲ့တော့။ အမှန်အတိုင်း ပြောရရင်တော့ ဘာမှမသိသေးပါဘူး။ ဘာမှလည်း မတတ်သေးပါဘူး။ အစပဲရှိသေးတာဆိုတော့ အစွမ်းကုန်တော့ ကြိုးစားသွားမှာပါ။ အဲဒါကို လက်ခံတာလက်မခံတာကတော့ ပရိသတ်ပေါ်မှာပဲ မူတည်ပါတယ်”လို့ နေခန့်မင်းသစ်က ပြောပါတယ်။
နေခန့်မင်းသစ်က သူ့အနေနဲ့ အားသာချက် သိပ်မရှိပေမယ့် ဝါသနာပါတဲ့ သီချင်းဆိုတဲ့ အလုပ်ကိုတော့ ကြိုးစားပြီး လုပ်နေတယ်လို့ သိရပါတယ်။
“အားသာချက်ရယ်တော့ သိပ်မရှိဘူး။ ကျနော်က ဂစ်တာတွေဘာတွေလည်း သိပ်မတီးတတ်ဘူး။ Note တွေ ဘာတွေနဲ့လည်း မတီးတတ်ဘူးဆိုတော့ အမှန်အတိုင်းပြောရရင် တေးရေးတဲ့အပိုင်း အားနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာဖတ်တာအားနည်းလို့လေ။ ကျနော်ကိုယ်တိုင်တောင် ကျနော့်သီချင်းကို မကြိုက်တာ၊ တခြားသူဆို အဆင်မပြေလောက်ဘူး” လို့ နေခန့်မင်းသစ်က ပြောပါတယ်။
လက်ရှိမှာလည်း တကိုယ်တော်အခွေ ထွက်နိုင်ဖို့အတွက် ကြိုးစားနေပြီး သီချင်းဆိုပြိုင်ပွဲမှာကတည်းက အခုချိန်ထိ အားပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
နေခန့်မင်းသစ်ကတော့ Myanmar Idol Season 3 ရဲ့ Top 5 မှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး သူ့ရဲ့ဆံပင်ရှည်ရှည်နဲ့ ထူးခြားတဲ့ ပုံစံကြောင့် ပရိသတ်များက သတိထားမိခဲ့ကြတဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်ပါတယ်။
The post “မြန်မာပြည်မှာက အသစ်ဆိုရင် လက်မခံချင်ကြတာ များတယ်” appeared first on ဧရာဝတီ.