နိုင်ငံကျော်စာရေးဆရာ ချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ဝတ္ထုကို ပြဇာတ်အနေနဲ့ အနုပညာရှင်များမှ ယခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ ကပြ ဖျော်ဖြေခဲ့ရာ အဲဒီပွဲမှာ ဝတ်ဆင်ထားတဲ့ ဝတ်စုံများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်မှုများ ရှိနေပါတယ်။
အဆိုပါ ဝေဖန်မှု အကြောင်းအရာများနဲ့ ပတ်သက်ပြီး “လင်္ကာဒီပချစ်သူ” ဝတ္ထု ရေးသားသူ စာရေးဆရာ ချစ်ဦးညိုကို ဧရာဝတီ သတင်းဌာနမှ အနုပညာသတင်းထောက် ချစ်ပိုးက သီးသန့်တွေ့ဆုံကာ အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ “လင်္ကာဒီပချစ်သူ” ပြဇာတ် ကပြမှုအပေါ် ဝတ်စုံတွေကို လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်မှုတွေ ရှိနေတာ စာရေးသူတယောက်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော် နိုဝင်ဘာလကုန်ခါနီးမှာ ကားအက်စီးဒင့် တခုဖြစ်တာ ၁ လစွန်းစွန်း ရှိပါပြီ။ အခုလည်း ကုတင်ပေါ်မှာပဲ နားနေရတယ်။ ဒီပြဇာတ် မတိုက်ခင်ကတည်း ဆေးရုံ ရောက်နေတာ။ အဲဒါနဲ့ ပတ်သက်လို့ ကိုယ်ထိလက်ရောက် အကြံပေးခြင်း စသည်အားဖြင့် မပါနိုင်ခဲ့ဘူး။ ဆိုတော့ ကလို့သာ ကသွားလိုက်တာ ဘာမှ မသိလိုက်ရဘူး။ ဒါပေမဲ့ အများကြီး မျှော်လင့်ထားတယ်။ ဝတ်စုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်လေးပြင်းပြင်းထန်ထန် ထွက်လာတယ်။ အမူအရာ၊ စကားပြော၊ လိုက်တင်၊ ဆက်တင် ၊ အခန်းကူး၊ အခန်းပြောင်း ဒါပြဇာတ်မှာ အရေးကြီးတဲ့ အင်္ဂါရပ်တွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုက မကြားရဘူး။
ဝတ်စုံက ထင်သာမြင်သာ ရှိနေတော့ ဝတ်စုံနဲ့ ပတ်သက်ပြီးပဲ ဝေဖန်ချက်တွေ ထွက်လာတာ ရှိတယ်။ အဲ့တော့ Facebook မှာ တက်လာတော့ ကြည့်လိုက်တော့လည်း ပြောချင်စရာပဲလို့ အတွေးလေး ဝင်လာတယ်။ ဝေဖန်မှုတွေကလည်း မိုးမွှန်နေတာပဲ။ ပထမ အပ်ထားတဲ့ ဒီဇိုင်နာက သီတာဒေဝီအတွက်ပဲ လုပ်ပေးနိုင်ပြီးတော့ ကျန်တာတွေ မလုပ်ပေးနိုင်တော့ဘူး ဆိုပြီး ကြားရတယ်။ ဘာကြောင့်လဲတော့ မသိဘူး။
ကခါနီးကျမှ လက်ပူတိုက်ပြီး ချုပ်ရတဲ့ ဒီဇိုင်နာက ဒီဝတ္ထုကို သေချာ မလေ့လာမိဘူးလား မသိဘူး။ ဒီထဲမှာ ပါတဲ့ ဇာတ်ကောင်တွေ အားလုံးက မဇ္ဈိမဒေသ အငွေ့အသက် အားလုံးလွှမ်းခြုံနေရမယ်။ အဲ့ကနေ အမြင် ပဿာဒဘက်ကို များသွားတဲ့အခါ ဝေဖန်ကြတယ်။ တရုတ်လို ဘာလို ညာလိုလို ပြောကြတယ်။ ဝတ်စုံဒီဇိုင်းကို ပဿာဒဖြစ်အောင် ချုပ်လိုက်တယ်နဲ့ တူတယ်။ အဲ့တော့ သဘာဝနဲ့ နည်းနည်းလေး ဟသွားတယ်။ ဒါကြောင့် ပြောစရာဖြစ်လာတယ်လို့ ထင်တယ်။
သို့သော်လည်း ဒီပေါ်မှာ ဝေဖန်ပြစ်တင်နေတဲ့ လင်္ကာဒီပကို ချစ်ကြတဲ့ ချစ်သူများ အနုပညာမြတ်နိုးသူများရဲ့ဝေဖန်မှုများ အားမလို အားမရဖြစ်ကြတာကိုလည်း စာနာပါတယ်။ နားလည်ပါတယ်။ တဖက်ကလည်း ဒီပြဇာတ်ဖြစ်အောင် လုပ်ကိုင်ကြတဲ့သူတွေကလည်း စေတနာနဲ့ တကယ့်ကို ကြိုးစားပြီး လုပ်ကိုင်ကြသူတွေပါ။ တချို့က ဆရာ ပိုက်ဆံရလို့ ရောင်းလိုက်တာလားဆိုပြီး ပြောကြတယ်။ စာရေးဆရာတောင် ငွေမက်တဲ့ ဘဝရောက်သွားတယ်။ မဟုတ်ပါဘူး။ ကျနော့် အပြစ်လည်း ပါပါတယ်။ ကျနော် အိပ်ရာပေါ်ကနေ မထနိုင်တော့ ဘာတွေလုပ်ပြီးပြီလဲ၊ ဘယ်လိုတွေ လုပ်မှာလဲ မမေးနိုင်ခဲ့ဘူး။
မေး။ ။ ဝတ်စုံဖန်တီးသူက သူသေချာ ဝတ္ထုကို မဖတ်မိဘူးလို့လည်း ပြောတယ်။ ဒီဇိုင်နာကလည်း စိတ်ကူးထဲကအတိုင်းပဲ တီထွင်လိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ဆရာ။
ဖြေ။ ။ မူလ ရာမရဏကို အခြေတည်ပြီး ရှုထောင့်ပြောင်းရေးထားတဲ့ ဝတ္ထုဖြစ်တယ်။ ရေးချင်တာကို စိတ်ကူးပေါက်ပြီး ရေးထားတာတော့ မဟုတ်ဘူး။ စိတ်ကူးယဉ်ပြီး ရေးရင်တောင်မူလကို အခြေတည်ပြီး ရေးတာဖြစ်တယ်။ စိတ်ကူးယဉ်ပြီး ရေးတာထင်ပြီး စိတ်ကူးယဉ်ပြီး လျှောက်လုပ်တာ ဆိုရင်တော့ အစကတည်းက လွဲသွားတယ်။ ဝတ်စုံဒီဇိုင်းကို ပဿာဒဖြစ်အောင် ချုပ်လိုက်တယ်နဲ့ တူတယ်။ အဲ့တော့ သဘာဝနဲ့ နည်းနည်းလေး ဟသွားတယ်လို့ ပဲ မြင်ပါတယ်။ ပိုးမင်းသားလားလို့တောင် ပြောကြတာတွေ ရှိတယ်။ ကြည့်တဲ့သူတွေကတော့ ပွဲခင်းထဲမှာ ဒါတွေကို သတိမထားမိကြပုံပဲ။
ပုံတွေ ကတက်လာတဲ့ အခါ အခြားသူတွေကတော့ ကြည့်မိတာတွေ ရှိတာပေါ့။ လက္ခဏက Timberland ကို မစီးရဘူးလေ။ ဦးရီးတော် နေရာမှ သရုပ်ဆောင်တဲ့ ကိုမိုးဝင်းက တရုတ်ဘုန်းကြီးလိုလို ဘာလိုလို မဝတ်ရဘူးလေ။ သူ့မှာ အတိအကျ ရှိတယ်။ စိတ်ကူးယဉ်ဆိုသော်လည်း သူ့အငွေ့အသက်၊ သူ့ယဉ်ကျေးမှု ပါတဲ့ အပေါ်မှာ ကြည့်လို့ရအောင် တီထွင်သင့်တယ်။
မေး။ ။ ရုပ်ပြဖန်တီးရှင် ဆရာဝသုန်ရဲ့ ဝတ်စုံ ပုံစံမျိုးကို ချုပ်ခွင့် မရတာကရော ဘာကြောင့်ပါလဲ။
ဖြေ။ ။ ပန်းချီဝသုန်က “လင်္ကာဒီပချစ်သူ” ဝတ္ထုထွက်ပြီးတဲ့နောက် ရှုမဝမဂ္ဂဇင်း ကမ်းလှမ်းချက်နဲ့ ရေးခဲ့တာ ၃၆ လ ကြာတယ်။ အဲ့မှာ သေချာလေ့လာပြီးတော့ ကြိုးစားပန်းစား လုပ်ခဲ့တဲ့ ကိုဝသုန်ရဲ့ ပုံတွေဟာ ငြင်းစရာ မရှိလောက်အောင် မဇ္ဈိမနွယ် ဇာတ်လမ်းလည်း မထိခိုက်စေရဘူး။ စရိုက်လည်း ပေါ်တယ်။ အဲ့ထဲမှာ ဝတ်ထားတဲ့ ဝတ်စုံတွေကလည်း အခြေခံ အထောက်အထားတွေနဲ့ ညီညွှတ်တယ်။ အဲ့အတိုင်းသာ ယူပြီး ရိုက်ရမယ် ဆိုရင်တော့ အခုလို ပြဿနာတွေ ဖြစ်စရာ မရှိဘူး ထင်တယ်။
အဲ့ထဲက ဝတ်စုံတွေယူပြီး မကခြင်းကတော့ နောက်ခံ အကြောင်းကြောင်းတွေ ရှိတယ်။ ပန်းချီ ဝသုန်မိသားစုက သတင်းစာမှာ ကြိုပြီး ကြေညာလိုက်တယ်။ ယူသုံးခွင့် မပြုပါ။ ယူသုံးရင် တရားစွဲမယ်ဆိုတော့ အဟန့်လို ဖြစ်သွားတယ်။ အေးဆေးသွားပြီး ညှိနှိုင်းလိုက်ပြီး ထိုက်တန်ရာ လုပ်ရင် ပြဿနာပေါ်စရာ မရှိဘူး။
မေး။ ။ ဆရာ့ဆီက ဝတ်စုံနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းတာမျိုးရော ရှိလား။
ဖြေ။ ။ သူတို့လည်း အကြံဉာဏ် မတောင်းဘူး။ ကိုယ်ကလည်း ယုံကြည်တာပေါ့။ သူတို့ ဒီလောက်ကြီးထိ တရုတ်လို့ ပြောရအောင် ပိုးမင်းသားလို့ ပြောရအောင် လုပ်မယ် မထင်ခဲ့မိဘူး။ အဲဒီဇိုင်းက ရုပ်ရှင်မှာလည်း Art Designer ဆိုတာ ရှိတယ်။ ဒီဇာတ်ဆောင် ဝတ်မယ့်ဟာကို ပုံနဲ့ရေးရမယ်။ ဘာအရောင် ဘယ်လိုလေးဆိုတာကို Sketch ရေးပြီး ဇာတ်ညွှန်းရေးဆရာ ဝတ္ထုရေးဆရာကို ပြရတယ်။ ဝတ္ထုရေးဆရာကလည်း သူသိထားတာနဲ့ မကိုက်ညီဘူးဆိုရင် ပြင်ခိုင်းသင့်တယ်။ အဲ့လိုတွေ မရှိခဲ့ကြဘူး။ သူတို့ကလည်း အချိန် မရှိဘဲ လုပ်လိုက်ရတာကြောင့် ဖြစ်သွားတယ်နဲ့ တူပါတယ်။ အပြစ်လည်း မပြောချင်ပါဘူး။
မေး။ ။ ဒီပြဇာတ်မှာ ဆရာ့သား (လင်္ကာညို) တယောက်လုံးပါတာတောင် မသိရကောင်းလား ဆိုပြီး ပြောနေကြတဲ့ အပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ။ ။ သူက ပထမတုန်းက ဇာတ်ညွှန်း။ နောက်ကျတော့ မောင်သီ ကိုင်တော့ သူ့ကို တွဲဖက် ဒါရိုက်တာ ခေါ်လိုက်တယ်။ တွဲဖက် ဒါရိုက်တာဆိုတော့ သူက ဇာတ်တိုက် ပေးတယ်။ ဝတ်စုံ ဒီဇိုင်းက သူနဲ့ မပတ်သက်တော့ဘူး။ လိုက်တင်ကိစ္စ သူနဲ့ မပတ်သတ်တော့ဘူး။ အကုန်လုံးကို သူက ဖြန့်ပြီး ခိုင်းရမယ်။ တွဲဖက် ဒါရိုက်တာမှာ အဲ့လို လုပ်ခွင့် မရှိဘူး။ သားမို့လို့ ပြောတာတော့ မဟုတ်ဘူး။ သူလုပ်ပိုင်ခွင့်ထဲက သူလုပ်တော့ ကျန်တာကို လုပ်ပိုင်ခွင့် မရှိဘူး။ သားမှာလည်း ချို့ယွင်းချက် ရှိတယ်လို့ သူ ဝန်ခံပါတယ်။ “မင်းအဖေ ဝတ္ထုကို ဖျက်ဆီးသလားကွာ”ဆိုတဲ့ ဝေဖန်မှုမျိုး သူ့ဆီရောက်လာတယ်။ အဲဒါတော့ များတယ်လို့ ထင်တယ်။ ဘယ်သူကများ သူ့ အဖေဝတ္ထု ဖျက်ဆီးတဲ့သူများ ရှိမလဲ။
မေး။ ။ နောက်ပိုင်းရော ဝတ္ထုတွေ ပြဇာတ်ကဖို့ ခွင့်ပြုဖို့ရော ရှိမလား ဆရာ။
ဖြေ။ ။ ရုပ်ရှင်ရိုက်ဖို့ ဝယ်ထားတာတွေရော ပြဇာတ်ကဖို့ ဝယ်ထားတာတွေရော ရှိတယ်။ အဲ့ကျရင်တော့ သေချာလေး လုပ်ရမှာပေါ့။ သေချာလေးဆိုတာ ဘယ်သူ ဒါရိုက်တာ လုပ်မလဲ။ သရုပ်ဆောင် ဘယ်သူလဲ ဆိုတာတွေကို ညှိနှိုင်းပြီး တိုင်ပင်ပြီးတော့ ကျနော်ကိုယ်တိုင်လည်း ဝင်ရောက် စွက်ဖက်ပြီး အကြံပေးပါလို့ ပြောရမယ်။ ဒီလိုမှ မလုပ်ရင် “သမင်မွေးရင်း ကျားစားရင်း” ဖြစ်သွားလိမ့်မယ်။ ။
ဆက်စပ် သတင်းလင့်ခ်များ –
“လင်္ကာဒီပချစ်သူ”မှာ စိတ်ကူးထဲက ဝတ်စုံဒီဇိုင်းတွေ ဖန်တီးခဲ့တဲ့ ဒီဇိုင်နာ ရှီလာ
“လင်္ကာဒီပချစ်သူ” ပြဇာတ်နဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုတို့ မိသားစုမှ တရားစွဲသွားရန် မရှိဟုဆို
The post “စိတ်ကူးယဉ်ဆိုပေမယ့် ယဉ်ကျေးမှု၊ အငွေ့အသက် ပါအောင် တီထွင်သင့်တယ်” appeared first on ဧရာဝတီ.