မြန်မာ့ရုပ်ရှင်ဇာတ်ကားများနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်စကားများ ပြောလေ့ရှိတဲ့ အကယ်ဒမီဆွေဇင်ထိုက်ကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့ အများပြည်သူလူထုကပေးတဲ့ အကယ်ဒမီက ပိုပြီးအသက်ရှည်တယ်လို့ ဧရာဝတီကိုပြောပါတယ်။
“အကယ်ဒမီကတော့ ကျမတို့လည်း ငယ်စဉ်ကတည်းကနေပြီးတော့ မျှော်လင့်ရတဲ့အရာတခုဖြစ်ပါတယ်။ ရရင်တော့ ပျော်စရာကောင်းပြီး သမိုင်းမှတ်တိုင်တခုပါ။ ဒါပေမယ့် အများပြည်သူလူထုကနေ ပေးတဲ့အကယ်ဒမီက ပိုပြီးတော့ အသက်ရှည်ပါတယ်” လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားများအနေနဲ့လည်း ယခင်နှစ်များထက် ယခုနှစ်မှာတော့ ပိုမိုသပ်ရပ်လာတာတွေကို တွေ့လာရပြီး အကယ်ဒမီစာရင်းထဲမှာတော့ လက်ရာအသစ်လေးတွေပါလာလိမ့်မယ်လို့ ထင်မြင်မိတယ်လို့ ဆိုပါတယ်။
“Story Presentation ကတော့နည်းနည်းသပ်ရပ်တာတွေပေါ်လာတာ တွေ့ရတယ်။ ကာရိုက်တာတွေကလည်း အရင်တုန်းက များသောအားဖြင့်ရိုက်နေတဲ့ ကာရိုက်တာတွေထက် ထူးခြားတာတွေကို တွေ့လာရပါတယ်။ နောက်တခုက နဂိုရှိရင်းထဲက မဟုတ်ဘဲ လက်သစ်ကလေးတွေရဲ့ လက်ရာအသစ်ကလေးတွေလည်း ပါလာမယ်လို့ထင်ပါတယ်” လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
ဒေါ်ဆွေဇင်ထိုက်ကတော့ အကယ်ဒမီအကဲဖြတ်အမှတ်ပေးတဲ့ ဘုတ်အဖွဲ့ထဲမှာ အမြင်ချင်းမတူညီတာတွေကြောင့် မပါဝင်ဖြစ်တော့ဘူးလို့လည်း သိရပါတယ်။
“ဒီနှစ်ထဲမှာတော့ ဇာတ်ကားတွေက ၇၀ ၊ ၈၀ကျော်လောက်ကြည့်ရလိမ့်မယ်ထင်တယ်။ အဲဒီထဲကတော့ ကောင်းတဲ့ကားက ၁၀ကားလောက်ထွက်လာမှာပဲ။ အကယ်ဒမီဘုတ်အဖွဲ့မှာတော့ ဒီနှစ်ကျမမပါပါဘူး။ အကယ်ဒမီဘုတ်အဖွဲ့မှာကတော့ မနှစ်ကတည်းကမပါတာပါ။ မျက်စိချင်းအမြင်ချင်းတူမှ လုပ်ရတာပျော်စရာကောင်းတယ်လေ။ အဲဒီတော့ တူတဲ့သူတွေလုပ်ပါစေပေါ့” လို့ ဒေါ်ဆွေဇင်ထိုက်ကပြောပါတယ်။
သူမအနေနဲ့လည်း Film Development Center တခုကိုဖွင့်လှစ်ထားပြီး ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲများ ၊ စကားဝိုင်းဆွေးနွေးပွဲများပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
“Film Development Center တခုကို ဒီနှစ်ထဲမှာဖွင့်ဖြစ်တယ်။ အဲဒီကနေမှ Main Stream မှာရှိတဲ့သူတွေ အတွက်ရော အပြင်ကသူတွေအတွက်ရော Capacity Building ဆိုပြီးတော့ တပတ်ကို တနင်္ဂနွေနေ့တိုင်းမှာ ဆွေးနွေးတာတွေ ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ၊ စကားဝိုင်းဆွေးနွေးပွဲတွေလည်း လုပ်ပေးပါတယ်။ နောက်နှစ်ကျရင်တော့ လက်တွေ့ပါပါတာမျိုး လုပ်ဖို့အတွက် စိတ်ကူးထားပါတယ်” လို့ ပြောပါတယ်။
အကယ်ဒမီဆွေဇင်ထိုက်ကတော့ ယခု ၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာ့ရုပ်ရှင်လောကထဲကို လူငယ်ဒါရိုက်တာများ ပေါ်ထွက်လာတဲ့အပေါ်မှာ ကောင်းမွန်တဲ့မှတ်ချက်များစွာဖြင့် ကြိုဆိုခဲ့သူတယောက်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ မြန်မာရုပ်ရှင်လောကအပေါ် သုံးသပ်ချက်များအပေါ်လည်း ပရိသတ်များကြားကြိုက်နှစ်သက်ခြင်းခံရသူ ဖြစ်ပါတယ်။
The post “အကယ်ဒမီဘုတ်အဖွဲ့မှာတော့ ဒီနှစ်ကျမ မပါပါဘူး” appeared first on ဧရာဝတီ.