ဗြိတိသျှမင်းသား Benedict Cumberbatch ဟာ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မတိုင်မီ အသုံးပြုခဲ့တဲ့ အငြင်းပွားဖွယ် နည်းဗျူဟာများကို အဓိကထားပြီး လာမယ့်လ ဗြိတိန်နိုင်ငံမှာ ထုတ်လွှင့်မယ့် ဒရာမာအသစ်တခုမှာ အီးယူမှဗြိတိန်နုတ်ထွက်ရေးအစီအစဉ် (Brexit) ကို လုပ်ဆောင်ခဲ့သူ Dominic Cummings အဖြစ် သရုပ်ဆောင်မယ်လို့သိရပါတယ်။
၂ နာရီကြာမြင့်မယ့် အဆိုပါ “Brexit: The Uncivil War” ဒရာမာကို Channel 4 ရုပ်သံလိုင်းကနေ ဇန်နဝါရီလ ၇ ရက်နေ့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ အဲဒီ့နေ့ဟာ Brexit အတွက် ဗြိတိသျှပါလီမန်မှာ မဲခွဲဆုံးဖြတ်မယ့်နေ့လည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်က ဥရောပသမဂ္ဂ(အီးယူ) ထဲမှာ ဆက်နေဖို့ ထောက်ခံခဲ့တဲ့ မင်းသား Benedict က သူနဲ့ ပုံစံမတူတဲ့ လူတယောက်လိုမျိုးအသွင်ပြောင်းပြီး သရုပ်ဆောင်ရတာဟာ စိန်ခေါ်မှုဖြစ်ပြီး သူ့မျက်လုံးနဲ့ ကမ္ဘာကြီးကို ကြည့်ချင်တဲ့ အကြောင်း ပြောဆိုထားပါတယ်။
အသက် ၄၂ နှစ်အရွယ် မင်းသားက “ကျနော်တို့ နိုင်ငံကို ဆက်လက်အဓိပ္ပါယ် ဖွင့်ဆိုဖို့ အရေးကြီးတဲ့ ဇာတ်လမ်း တခုဖြစ်ပါတယ်။ ပြီးတော့ နုတ်ထွက်ဖို့ ဘက်ကနေ ဘယ်လိုလုပ်ပြီး အနိုင်ရသွားလဲဆိုတာကို ကျနော် မသိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသား Benedict က Brexit ဟာ သူ့ရဲ့တသက်တာမှာ မှတ်မိသမျှ သဘောထားအကွဲလွဲဆုံးနိုင်ငံရေး အကြောင်းအရာ ဖြစ်တဲ့အတွက် အခုဇာတ်လမ်းနဲ့ ပတ်သက်လို့ ပထမတုန်းကတော့ စိတ်ပူမိတယ်လို့ ပြောဆိုလိုက်ပါတယ်။
သူက “မဲစာရွက်မှာ ဝင်မလား၊ ထွက်မလားဆိုတဲ့ မေးခွန်းထက် ပိုပြီး ရှုပ်ထွေးပါတယ်။ အဲဒီကိစ္စဟာ ကျနော့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း စိတ်ဝမ်းကွဲစေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဒီရုပ်ရှင်ဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ လူတိုင်းကိုတော့ စိတ်ကျေနပ်စေမှ ာမဟုတ်တဲ့အကြောင်း ခန့်မှန်းထားပါတယ်။
Dominic Cummings ဟာ အစိုးရက အီးယူအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဖို့ ထောက်ခံနေခဲ့မေယ့် လူထုဆန္ဒခံယူပွဲကျင်းပပြီး အီးယူကနေ နုတ်ထွက်ဖို့ အဖွဲ့ကို ကူညီပေးခဲ့သူ၊ ခွဲထွက်ဖို့ မဲပေးရေး လှုံဆော်မှု ညွှန်ကြားရေးမှူးုလည်း ဖြစ်ပါတယ်။
Ref: asiaone
The post အီးယူမှ ဗြိတိန်ခွဲထွက်ရေး လုပ်ဆောင်ခဲ့သူအဖြစ် Benedict Cumberbatch သရုပ်ဆောင်မည် appeared first on ဧရာဝတီ.