Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခေတ်ပြိုင် ဆာလောင်မှု ခံစားချက်များ ဖွင့်ဟပြသည့် မြို့ပြအနုပညာ ဖန်တီးမှုများ

$
0
0
ထင်ရှားသည့် မြန်မာဘုရင်နှင့် မင်းသား မင်းသမီးတချို့ ငြိမ်းချမ်းရေး ကစားပွဲ Welcome to Yangon သုမြတ်၏ လက်ရာ ပန်းချီကားတခု

Graffiti, Street Art တို့ စတင်ခဲ့သည့် သမိုင်းကို လေ့လာသည့်အခါ ၎င်းတို့သည် ပညာရှင်တန်း မဝင်သည့် ဖန်တီးမှုများ အဖြစ်သတ်မှတ်ကာ ပစ်ပယ်ရှုတ်ချခြင်း ခံခဲ့ရသည်ကို တွေ့ရသည်။ သို့ရာတွင် ယနေ့ခေတ် ၂၁ ရာစု၊ Art is free (လွတ်လပ်အနုပညာ) ကာလတွင် အနုပညာနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ သုံးစွဲသည့် မီဒီယံများ၊ ပုံဖော် ဖန်တီးရာတွင် အခြေပြုမှုများသည်လည်း ကျယ်ပြန့်အားကောင်းလာပြီး Graffiti, Street Art တို့နှင့် နွှယ်ယှက် ဆက်စပ်၍ အဆင့်ဆင့် ဖြစ်တည်လာသည့် Urban Art ဖန်တီးတင်ပြမှုများကို အသိအမှတ်ပြု လက်ခံလာကြပြီ၊ စိတ်ခံစားမှု၊ မီဒီယံကျွမ်းကျင်မှု၊ လွတ်လပ်စွာ ဖန်တီးနိုင်မှုနှင့် တင်ပြနိုင်မှုတို့လည်း ရရှိပြည့်စုံလာပေပြီ။

မြို့ပြ (City) သည် လက်တင်ဘာသာစကား Urbanus ဟုအဓိပ္ပာယ်ရပြီး ယင်းမှ ပြောင်းလဲဖြစ် တည် လာသည့် Urban Art (မြို့ပြအနုပညာ) သည် မြို့ပြနေထိုင်မှုဘဝများ၊ အထူးသဖြင့် လူငယ်တို့၏ ဘဝများ၊ စိတ်ခံစားမှု များနှင့် ဆက်စပ်သည့် တင်ပြမှုများ ဖြစ်သည့် မွန်းကျပ်မှုများ၊ လိုလားဆာလောင်မှုများ၊ မျှော်လင့်ချက်များနှင့် သရော်လိုခြင်း၊ ထေ့ငေါ့ ခြင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ထူးခြားချက်မှာ Urban Art သည် ခေတ်ပြိုင် ခံစားမှုများကို ကိုယ်စားပြု ထင်ဟပ်တင်ပြသည့် အနုပညာ ဖန်တီး တင်ပြမှု ဖြစ်သည်။

ယင်းသို့ ဖန်တီးတင်ပြရာတွင် မီဒီယံ အမျိုးမျိုး အသုံးပြုနိုင်သည်။ အသုံးများသည့် မီဒီယံတချို့မှာ Stencils, Can (Skill), Sticking (Sticker), Wheat Pasting  တို့ဖြစ်သည်။ Stencils ဆိုသည်မှာ နံရံပေါ် သို့မဟုတ် ကင်းဗတ်ပေါ် သို့မဟုတ် သစ်သားပေါ်တွင် ရေးဆွဲမည့်ပုံကို စက္ကူပေါ်တွင် ရေးဆွဲပြီး ယင်းပုံကို Tone အလိုက်၊ အရောင်အလိုက် ခွဲကာ ဖြတ်ထုတ်၍ အဆိုပါခွဲထားသည့် Tone နှင့်အရောင် အတိုင်း စပရေးဖြင့်မှုတ်ကာ ပုံဖော်ရေးဆွဲခြင်း ဖြစ်သည်။ Can (Skill) ကမူ မှုတ်ဆေးဘူးဖြင့် လက်တန်းရေးဆွဲခြင်း ဖြစ်သည်။ စတစ်ကာများကို နေရာ အများအပြားတွင် ကပ်ခြင်း သည်လည်း Urban Art  ၏ မီဒီယံတမျိုးဖြစ်သည်။ ထို့အပြင်  Wheat Pasting ခေါ် ကော်ရည် ကော်မှုန့်ဖြင့် အရုပ်များ၊ ပုံသဏ္ဌာန် များကို ကပ်ယူဖွဲ့စည်း ဖန်တီးမှုသည်လည်း Urban Art ထဲတွင် ပါဝင်သည်။

ခေတ်အဆက်ဆက် အာဏာရှင်အစိုးရများသာ အုပ်စိုးခံခဲ့ရသည့် မြန်မာနိုင်ငံတွင် လူငယ်များသည် အုပ်ချုပ်သူ များကို တော်လှန်အန်တုသည့် အတွေး စိတ်ကူးများဖြင့် မြေအောက် Graffiti ရေးဆွဲမှုများ၊ သရော်ထေ့ငေါ့ လှောင်ပြောင်သည့် ဖန်တီးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိ Urban Art  ဖန်တီးမှုများနှင့် ပတ်သက်၍ မြန်မာလူငယ် တချို့၏ ခံယူချက်သဘောထား၊ တွေးမြင်စိတ်ကူးများကို လျှပ်တပြက် တွေ့မြင်ရသည့်  Street Speak (လမ်းဘေးစကား) ဟု အမည်ပေးထားသည့် ပြပွဲ တခုကို ဒဂုံမြို့နယ် န၀ဒေးလမ်း ယူနိုက်တက် ကွန်ဒိုရှိ Blind Tiger စားသောက်ဆိုင်တွင် သီးသန့် ပြသထားသည်။

လူငယ်အနုပညာရှင် တဦးဖြစ်သော သုမြတ်က  Visit Myanmar Year 1996 လိုဂို ဖိုးဝရုပ်ကလေးကို သေနတ် မိုးထောင် ကိုင်ထားစေပြီး  Welcome To Yangon ဟု အမည်ပေး ပြသထားသည့် လက်ရာမှာ အတွေးပွားဖွယ် ကောင်းသလို ပြုံးစရာလည်း ဖြစ်ရသည်။ အောင်မြင်မှု မရှိခဲ့သည့် မြန်မာ့ခရီးသွားနှစ် ၁၉၉၆ အပြီး နှစ်ပေါင်း ၂၀ ကြာ ၂၀၁၆ ခုနှစ် ကိုလည်း Visit Myanmar Year အဖြစ် ထပ်မံ သတ်မှတ် အကောင်အထည် ဖော်ဦးမည်ဟု သိရချိန်၌ သုမြတ်၏ လက်ရာက သေနတ်ပြ ကြိုဆိုနေဦးမလား၊ ဒါမှမဟုတ် မည်သည့် အခြေအနေမျိုး ဖြစ်လာမည် နည်းဟု အတွေးစဉ်ကို ဆွဲဆန့်ပေးသည်။

Not American Dream, Myanmar Hope ဟု အမည်ပေးထားသည့် ပန်းချီကားတွင်လည်း မစ်ကီမောက်စ်ကို ရှေးမြန်မာစစ်သားတို့ ဆောင်းသည့် ဦးထုပ် ဆောင်းပေးပြီး မြန်မာဆန်ဆန် ခါးတောင်းကျိုက်ကာ ခြေထောက်တွင် မြန်မာဆန်ဆန် ခြေစွပ်စွပ်ပေးထား၍ လက်တဖက်က မြန်မာဓားကို ကိုင်ထားလေသည်။  အမျိုးမျိုး  ဆက်စပ်ဆင့်ယူ စဉ်းစားက ခံစားနိုင်သည့် ပန်းချီကား ဖြစ်သည်။

တဖန် Artist ဝဏ္ဏအောင်၏ လက်ရာ ၂ ခု ကလည်း ခေတ်ပြိုင် အခြေအနေကို ထင်ဟပ်ပြသည့် တင်ပြချက်ဖြစ် သည်။ တခုမှာ ဘောလုံးကစားသမား ၂ ဦး ဘောလုံးကစားနေသည့်ပုံ ဖြစ်သည်။ သို့သော် ၎င်းတို့ ကစားနေသည့် ဘောလုံးမှာ ငြိမ်းချမ်းရေး သင်္ကေတပြုထားသည့် ဘောလုံးကို ရေးဆွဲထားသည်။ ယခု လက်ရှိ အစိုးရ၏ ပြုပြင် ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ကစားပွဲ သက်သက်လေလား၊ သို့မဟုတ် အပျော်သဘော သက်သက်များ လုပ်ဆောင်နေခြင်းလား စသဖြင့် နွှယ်ဆက်စဉ်းစားမိသည်။

ပန်းချီကား နောက်တခုတွင် စူပါမင်း (Super Man) သည် အရာရာတွင် စွန့်လွှတ်စွန့်စားစွမ်းအား အပြည့်ရှိသော်လည်း ဘာသာရေး ကိစ္စများတွင်မူ စူပါမမင်းနိုင်တော့ကြောင်း၊ ဘာသာရေးတွင် မစွမ်း နိုင်တော့ကြောင်း ပြသထားသည်။ လူသားတို့ စိတ်နှလုံးတွင် နိုင်ငံရေး ယုံကြည်ချက်နှင့် ဘာသာရေး ယုံကြည်ချက်များ ဖယ်ရှားလိုက်ပါက အားလုံးအတူ တူသာ ဖြစ်သည် ဆိုသည့်စကားကို ပြန်လည်အမှတ်ရ လာစေသည်၊ လူ့အဖွဲ့အစည်းအတွင်း အစွန်းရောက် ဘာသာရေးနှင့် ယုံကြည်မှုများကြောင့် ပဋိပက္ခများ ပေါ်ပေါက်စေသည် စသဖြင့် ခေတ်ကို ထင်ဟပ်သည့်၊ ခေတ်ကို မြင်လာစေသည့် ခေတ်ပြိုင်လက်ရာများ ဖြစ်သည်။

သုမြတ်နှင့် ဝဏ္ဏအောင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Thavibu ပြခန်းတွင်လည်း Off the Walls (နံရံများမှ ထွက်ခွာခြင်း) ဟု အမည်ပေးထားသည့် ပြပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ပြသခဲ့သည်။ ယင်းပြပွဲ တွင် ပြသထားသည့် သုမြတ်၏ ပန်းချီကားများသည် မြန်မာ့ရိုးရာ အရုပ်ကလေးဖြစ်သည့် ပစ်တိုင်းထောင် အရုပ်ကလေးကို သတင်းစာများ၊ ရိုးရာမိုင်းကိုင်စက္ကူများ အသုံးပြုကာ ခေတ်ပြိုင် အတွေးအမြင်နှင့် ခံစားချက်များကို ရစေသည့် ရေးဆွဲမှုများ ပါဝင်သည်။

သုမြတ် ဖန်တီးတင်ပြသည့် လက်ရာများ၌ YGN Thinker လက်ရာ၊ ပစ်တိုင်းထောင် ၁၊ ၂၊ ၃၊ Untitled တို့သည် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် ရွှေ့ပြောင်းလုပ်သား၊ ရွှေ့ပြောင်းအိမ်ရာများ စသည်ဖြင့် ဆက်စပ်ဆင့်ပွား အတွေးများစေသည့် တင်ပြမှုများ ဖြစ်သည်။

ဝဏ္ဏအောင်၏ လက်ရာများတွင် ထင်ရှားသည့် မြန်မာ မင်းမျိုးမင်းနွယ်များ၏ ပုံများကို Stencil နည်းဖြင့် ရေးဆွဲတင်ပြထားသည်ကို တွေ့ရသည်။ မင်းတုန်းမင်း၊ သီပေါမင်း၊ စုဖုရားလတ်၊ မြင်ကွန်းမင်း စသဖြင့်  Portrait များ ရေးဆွဲတင်ပြထားသည်။ ယင်းတင်ပြမှုသည် နေဝင်သွားသည့် ဘုရင်စနစ်နှင့် သမိုင်းဆိုင်ရာ အကောင်း အဆိုးတို့ကို ပြန်လည် သုံးသပ်မိစေနိုင်သည့် တင်ပြချက်များပင် ဖြစ်သည်။ ရေးဆွဲသူ  အနုပညာရှင်အနေဖြင့်  လွတ်လပ်စွာ ရေးဆွဲထားခြင်း ဖြစ်သော်လည်း လက်ရာများမှ တဆင့် ထပ်ဆင့်ပေါင်းဆင့် မြင်ရသည်၊ ခေတ်ပြိုင် အတွေးအမြင်များ လည်း ရရှိစေသည်ကို တွေ့ရသည်။

တချိန်က ပညာရှင်တန်း မဝင်၊ အနုပညာစံ မမြောက်ဟု သတ်မှတ်ခံခဲ့ရသည့် ဖန်တီးမှုများသည် ယခုအခါ  အနုပညာအဖြစ်  ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေပြီဖြစ်သလို ဆက်လက်၍ ပွင့်လင်းစွာ အမြင်ကျယ်ကျယ် ဖန်တီးလာကြမည့် မြန်မာ အနုပညာရှင်များ၏ ဖန်တီးမှုများကိုလည်း မျှော်လင့်စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။     ။

The post ခေတ်ပြိုင် ဆာလောင်မှု ခံစားချက်များ ဖွင့်ဟပြသည့် မြို့ပြအနုပညာ ဖန်တီးမှုများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...