Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Master Chef Myanmar ရဲ့ Winner ဆုရှင် မတင်တင်ဦးနဲ့ တွေ့ဆုံခြင်း

$
0
0

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်တဲ့ Master Chef Myanmar ပြိုင်ပွဲရဲ့ ပထမဆုံး Winner ဖြစ်လာတဲ့ မတင်တင်ဦးရဲ့ ပြိုင်ပွဲဝင်ဖြစ်ခဲ့ပုံ၊ ပြိုင်ပွဲမှာတွေ့ကြုံခဲ့ရတဲ့ အခက်အခဲများစတဲ့ အကြောင်းအရာများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က မတင်တင်ဦးနဲ့ အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။

မတင်တင်ဦးကတော့ လက်ရှိမှာ ရန်ကုန်မြို့၊ အနောက်ပိုင်းတက္ကသိုလ်ရှိ ကန်တင်းများမှာ ဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး Master Chef Myanmar ရဲ့ Top 3 ဆုရှင် မနီလာအောင်ဝင်းနဲ့ တွဲဖက်ပြီးတော့လည်း “T & G Salad Bar” ဆိုတဲ့ ဆိုင်လေးကို ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်ရှိ လားရှိုးညဈေးမှာ ဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။

မတင်တင်ဦးနဲ့ မနီလာအောင်ဝင်းတို့ ဖွင့်လှစ်ထားတဲ့ “T & G Salad Bar” (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

မေး။ ။ မတင်တင်ဦး ဆုရရှိခဲ့တဲ့အပေါ် ဝမ်းသာပီတိစကားကို အရင်ဆုံး သိချင်ပါတယ်။

ဖြေ။ ။ ကိုယ်လိုချင်တဲ့ အရာလေးရတော့ ပျော်တာပေါ့နော်။ စပြိုင်ကတည်းကလည်း လိုချင်လို့ ပြိုင်တာလေ။ ဒါပေမယ့် ရဖို့၊ မရဖို့ အဓိက မထားဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ကြိုးစားပြီးတော့ ဒီလိုမျိုး ရလိုက်တော့ ပျော်တာပေါ့။

မေး။ ။ ပြိုင်ပွဲဝင်ဖြစ်ခဲ့ပုံကရော ဘယ်လိုကြောင့်လဲ။

ဖြေ။ ။ ဝင်ပြိုင်ဖြစ်ခဲ့တာက ကျမက ဒီစီးရီးတွေကို အရမ်းကြိုက်တယ်။ အရင်ကတည်းက ဒီစီးရီးတွေ ကြည့်လာတာဆိုတော့လေ လွန်ခဲ့တဲ့ ၄၊ ၅နှစ်လောက်ကတည်းက ကြည့်လာရင်းနဲ့ ကိုယ်ဘာသာတယောက်တည်း အိမ်မှာ ပြိုင်နေတာ။ အိမ်ရှင်မတွေ ပါတယ်။ အပြင်က ဘယ်သူမဆို ပြိုင်လို့ရတယ် ဆိုတော့ ကိုယ့်အတွက် အဆင်ပြေတာပေါ့နော်။ Chef တွေပဲ မဟုတ်ဘူးဆိုတော့ ကိုယ်ကလည်း ဝါသနာ အရမ်းပါတဲ့အခါကျတော့ ကိုယ့်ဘာသာပြိုင်နေရင်းနဲ့ပဲ တီဗီကနေ ကြေညာတယ်။ တယောက်ချင်းစီ ပြောနေတာတွေ ကြားရင်းနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာ။

မေး။ ။ အရင်က ကိုယ်ကြည့်ခဲ့တဲ့ နိုင်ငံခြားက ပွဲစဉ်တွေနဲ့ ကိုယ်တိုင်ပြိုင်ခဲ့တဲ့ Master Chef Myanmar ရဲ့ ကွဲခြားချက်ကရော ဘယ်လို ရှိမလဲ။

ဖြေ။ ။ ကွာတာပေါ့။ နိုင်ငံခြားက စီးရီးတွေက ဒီလိုမျိုး မဟုတ်ဘူး။ အခုကြမ်းတယ်ဆိုပြီး အပြင်လူတွေ ဝေဖန်နေတာနဲ့က နိုင်ငံခြားကဟာနဲ့ ယှဉ်ရင် ဘာမှ မဆိုင်ဘူး။ ဟိုမှာဆို ကိုယ့်ပန်းကန်ကို လွှင့်ပစ်တဲ့အဆင့်ထိရှိတာလေ။ ဒီကဒိုင်တွေပြောတာလောက်က ဘာမှကို မဟုတ်ပါဘူး။

မေး။ ။ မတင်တင်ဦး အနေနဲ့ရော ပြိုင်ပွဲတလျှောက် ဘယ်လိုမျိုး စိတ်ဖိစီးမှု ရှိခဲ့လဲ။

ဖြေ။ ။ အိမ်နဲ့ မိသားစုနဲ့ခွဲပြီးတော့ ပြိုင်ပွဲအတွက် Camp သွင်းပြီးနေရတယ်။ စစချင်းပြိုင်တုန်းကတော့ Master Chef အခန်းကြီးထဲကို ဝင်ရတာ ပျော်တယ်။ နောက်ပိုင်းမှာကျတော့ စိတ်ဖိစီးမှုတွေ များလာပြီး အဲဒီထဲကိုဝင်ရမှာ အရမ်းကြောက်လာတယ်။ ဒီတံခါးကြီးကို မြင်ရင်ကြောက်နေတာ။ စာမေးပွဲ ဖြေသလိုပဲ။ ဘာလာမယ်ဆိုတာ မသိဘူး။ နောက်တခုက အချိန် ဘယ်လောက်ပေးမလဲဆိုတာ မသိဘူး။ နောက်က အဲဒီလိုအရာတွေ ရှိလာတော့ စိတ်ဖိစီးမှုတွေက များလာတယ်။ စစချင်းကတော့ ကိုယ့်အိမ်မှာ ချက်သလိုပဲ လွယ်မယ်ပဲ ထင်ခဲ့တာ။

မေး။ ။ ဒီပွဲကရော မတင်တင်ဦးအတွက် ပထမဆုံး အတွေ့အကြုံလား။

ဖြေ။ ။ ပထမဆုံး အတွေ့အကြုံပါ။ ဒီပွဲကိုစပြီး ပြိုင်ခဲ့တာပါ။

မေး။ ။ မိသားစုကရော ဘယ်လို ပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့လဲ။

ဖြေ။ ။ မိသားစုကတော့ စစချင်းတုန်းက ပြိုင်ပွဲပြိုင်မယ်ဆိုတော့ လူကြီးတွေက လက်မခံဘူး။ အချက်တွေက အရမ်းများတာပဲ။ အဲဒီအချိန်တုန်းက ကျမက အနောက်ပိုင်းတက္ကသိုလ်ထဲမှာ ဆိုင်လေး ရှိတယ်။ အဲဒီဆိုင်လေးကလည်း လက်ရှိက ကျောင်းသားတွေနဲ့ ရောင်းနေရတာ။ အဲဒီတော့ အပြင်ကို ၃ လလောက် ထွက်ပြီးတော့ လုပ်လို့ရပါ့မလားပေါ့။ ကိုယ်ဝါသနာပါတာ ကိုယ်ရူးတာကို တအိမ်လုံးက သိကြတာဆိုတော့ သူတို့ကိုယ်တိုင်ပဲ Form လေးယူပြီးတော့ တင်ပေးခဲ့တာ။

မေး။ ။ အိမ်ရှင်မတယောက် အနေနဲ့ သွားပြိုင်ခဲ့တာဆိုတော့ ဘယ်လိုကွာခြားမှုတွေ တွေ့ခဲ့လဲ။

ဖြေ။ ။ ရိုးရိုး အိမ်ရှင်မတွေအနေနဲ့ ဘာတွေ မသိဘူးလဲဆိုတော့ မီးအပူချိန်တွေ မသိဘူး။ အသားထားရမယ့် စနစ်တွေ မသိဘူး။ ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေ မသိဘူး။ ရိုးရိုးအိမ်ရှင်မသည် စားကောင်းရုံချင်ဖို့ပဲ သိတဲ့ အိမ်ရှင်မပေါ့နော်။ စားဖိုမှူးကျတော့ နည်းစနစ်နဲ့ သင်လာတာ။ စားဖိုမှူးနဲ့ အိမ်ရှင်မဟာ ကွာပါတယ်။

မေး။ ။ အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက ဝါသနာပါခဲ့တာလဲ။ စားဖိုမှူးတယောက်ဖြစ်ဖို့ ဘယ်လိုအခက်အခဲ တွေရှိခဲ့လဲ။

ဖြေ။ ။ ကျမတို့က အရင်က “မိတ်ဆက် မိသားစု” ဆိုတဲ့ ဆိုင်ကြီး တာမွေမှာ ရှိတယ်။ ကျမတို့ ဘိုးဘွား လက်ထက်ကတည်းက စားသောက်ဆိုင် လုပ်လာတာဆိုတော့ အကုန်လုံးဟာ မီးဖိုချောင်ထဲမှာ ကြီးလာတာ။ အိမ်ထမင်း၊ အိမ်ဟင်း ချက်တယ်ဆိုတာ မရှိဘူး။ စားချင်တဲ့အချိန် ကောက်ချက် လိုက်တာပဲ။ အဲဒီကတည်းက ဝါသနာပါခဲ့တာပဲ။ ဟင်းချက်တာနဲ့ မစိမ်းတာပေါ့နော်။

မေး။ ။ အမျိုးသားကရော ဟင်းချက်တာနဲ့ ပတ်သက်ပြီး ဘယ်လို အကြံဉာဏ်တွေ အထောက်အပံ့တွေ ပေးလဲ။

ဖြေ။ ။ အမျိုးသားက အများဆုံး အထောက်အပံ့ပေးတာပေါ့။ ဒီပြိုင်ပွဲသွားမယ့် ၃ လ အတွင်းမှာ ဘာမှလှည့်မကြည့်နဲ့။ အကုန်လုံး လုပ်ထားမယ်။ မင်း လိုချင်တာသာပြော။ ကျမလုပ်ချင်တာ မှန်သမျှ။ ကျမမှ ာဘယ်လိုမျိုး စိတ္တဇရှိလဲဆိုရင် YouTube ကနေ ဟင်းချက်နည်းလေးကြည့်လိုက်ရော။ ဥပမာ – ဂျပန်က ကြက်ဥကြော်တာ အရမ်းခက်တယ်။ အဲဒါကြော်တာက ကြည့်တော့တာ လွယ်လွယ်လေး။ တကယ်ကြော်ကြည့်ရင် အဲဒီအတိုင်း ဖြစ်မလာဘူး။ မဖြစ်မချင်း လုပ်ရင်းနဲ့ ကြက်ဥ အလုံး ၃၀ ၊ ၄၀ ကုန်သွားတာ မျိုးဆိုရင် မငြီးမငြူဘဲနဲ့ ဘေးနားကနေ ထိုင်စောင့်ပြီး လုပ်ပေးတာမျိုးတော့ လုပ်ခဲ့ပေးပါတယ်။

မေး။ ။ ဒီနေ့လို အခြေအနေမျိုး ဖြစ်ဖို့အတွက် ဘယ်လိုတွေ ရုန်းကန်ခဲ့ရလဲ။

ဖြေ။ ။ ကျမအမျိုးသားရှိတဲ့ စင်ကာပူကို ကျမတို့ လိုက်သွားတော့ သမီးလေးတွေ ၃ နှစ်အရွယ်နဲ့ လိုက်သွားကြတာ။ ကလေးတွေကလည်း ငယ်သေးတယ်။ အမျိုးသာရဲ့လခနဲ့ ကျမတို့က အိမ်ငှားနေရတယ်။ အိမ်လခ၊ တခြား စရိတ်စက ၊ ကလေးတွေ ကျောင်းလခ ရှိတယ်။ အမျိုးသားရဲ့လခနဲ့ အဆင်မပြေဘူး။ အဲဒီတော့ နှစ်ယောက်စလုံး အလုပ်လုပ်ရတယ်။ ကျမတို့ အရမ်းကြပ်ကြပ်တည်းတည်း ရုန်းကန်ရတယ်။ ကျမဆိုရင် စင်ကာပူမှာ Kitchen အလုပ်လုပ်တော့ ပန်းကန်ဆေးတာကနေ စလုပ်ခဲ့ရတာ။ ကျမမှာ ဘာလက်မှတ်မှ မရှိဘူးလေ။ မြန်မာပြည်ကသွားတော့ ကိုယ်က အိမ်ရှင်မကိုး။ ဘွဲ့ရတာနဲ့ သူတို့ဆီ သွားဝင်လို့ မရဘူး။ Kitchen ထဲသွားမယ်ဆို Kitchen နဲ့ ပတ်သက်တဲ့ လက်မှတ် ရှိရမယ်။ နောက်ဖေး ပန်းကန်ဆေး အကူအနေနဲ့ စလုပ်ခဲ့ရတာ။

မေး။ ။ မြန်မာနိုင်ငံကိုရော ဘယ်ချိန်လောက်က ပြန်လာခဲ့တာလဲ။

ဖြေ။ ။ ကျမက စင်ကာပူမှာ ကလေးတွေနဲ့ ၁၀ နှစ်ကျော်ကျော်လောက် နေခဲ့ပြီးတော့ ဒီကိုပြန်လာတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းကန်တင်းလေးကို ယူတယ်။ အဲဒီကနေ အနောက်ပိုင်း တက္ကသိုလ်မှာ ကျောင်းကန်တင်းလေး ထပ်ယူတယ်။ အဲဒီလိုမျိုး ကျမတို့မိသားစု ကြိုးစားနေရင်းနဲ့ ဒီ Master Chef မှာ ကြိုးစားလိုက်တာပါ။

မေး။ ။ ထပ်ပြီးတော့ရော အစားအသောက်နဲ့ပတ်သက်ပြီး ဘာလုပ်ဖို့တွေရှိဦးမလဲ။

ဖြေ။ ။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့က Master Chef ပြိုင်ပွဲကြီးပြီးတော့ ကျမအတွက် အခွင့်အရေးတွေ ရလာတယ်။ လုပ်ချင်တာကို လုပ်ခွင့် ရလာတယ်။ ဥပမာဆိုရင် ဆားဘဲဥ အာလူးကြော်။ စင်ကာပူမှာတုန်းက စားခဲ့ရတဲ့ အာလူးကြော်လေးရဲ့အရသာကို အရမ်းကြိုက်တယ်။ အဲဒီအာလူးကြော်ကို ကိုယ့်ဘာသာအိမ်မှာ ကြော်ကြည့်ရင်းနဲ့ ဒီလိုမျိုးထုတ်နိုင်တဲ့ အဆင့်ထိရောက်အောင် ပံ့ပိုးပေးတဲ့သူတွေ ရှိလာတယ်။ အဲဒါလေး လုပ်နေတယ်။

နောက်ပြီးတော့ ပွဲပြီးသွားကတည်းက ဒိုင်တဦးဖြစ်တဲ့ ဦး Sharky ဆီမှာ မြန်မာအစားအစာကို ကောင်တာလေးဖွင့်ပြီး ရောင်းနေတယ်။ ပြိုင်ပွဲမှာ တတိယရတဲ့ နီလာအောင်ဝင်းနဲ့ “T & G Salad Bar” ဆိုတဲ့ ဆိုင်လေး ဖွင့်ထားတယ်။ အခုတပတ်ဆိုရင်လည်း ရန်ကုန်ဈေးမှာ ကျမရဲ့ တန်ပူရာလေးကို တောင်းဆိုထားတာ ရှိတယ်။ အဲဒါလေးလည်း ကျမဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ ။

The post Master Chef Myanmar ရဲ့ Winner ဆုရှင် မတင်တင်ဦးနဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...