ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများမှာ အတွေ့များလာတဲ့ သရုပ်ဆောင် အလင်းရောင်ကတော့ ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို တခြားသူများကဲ့သို့ လှပအောင် ပြောင်းလဲဖို့အတွက် ဝိတ်တင်နေတယ်လို့ ပြောပါတယ်။
“၂၀၁၉ အတွက် ပြောင်းချင်တာလည်း ပါတယ်။ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်မှာဆို မမိုးဟေကိုရဲ့ အစ်ကို ဆိုတော့ နည်းနည်းလေးလည်း သူ့ထက်ကြီးတဲ့ ပုံစံဖြစ်အောင်လည်း Body တင်လိုက်တာလည်း ပါတယ်။ နောက်ထပ် ကားရိုက်တွေမှာလည်း Body ပြောင်းသွားမှာကို ပြရမှာလည်း ရှိတာကြောင့် လုပ်ဖြစ်တာပါ”လို့ အလင်းရောင်က ပြောပါတယ်။
ကားရိုက်ရန်အတွက် နယ်ကိုသွားတဲ့ အခါမျိုးမှာတော့ ပရိသတ်များက အလင်းရောင်ကို ဇာတ်ကားထဲကနဲ့ မတူဘဲ ဝနေတယ်လို့ ထင်နေကြပြီး ရုပ်ရှင်ဇာတ်ကားထဲမှာနဲ့ အပြင်မှာ မတူဘူးဆိုတဲ့ ပြောဆိုမှုများလည်း ရှိနေတယ်လို့ ပြောပါတယ်။
“ကားရိုက်နဲ့ နယ်သွားတော့လည်း အလင်းရောင်က ဇာတ်ကားထဲမှာတို့ သီချင်းထဲမှာတို့ဆိုရင် သေးသေးလေး။ အပြင်မှာကျတော့ ဖက်တီးကြီးတဲ့ ပြောကြတယ်။ တကယ်တမ်းတော့ ကျနော်က ၂၀၁၉ မှာ ခန္ဓာကိုယ်ကို သူများတွေလို လှချင်တော့ ဆေးတွေသောက်ပြီး ဆော့တယ်။ အဲဒါကြောင့် လူကောင် ထွားလာတာ။ ပုံမှန် သေးသေးလေးကနေ ထွားလာတယ်။ ကျနော်က ရင်ဘတ်ကျယ်တော့ အပေါ်ပိုင်း ကားကားကြီးနဲ့ စူပါမန်းလို ဖြစ်နေတယ်။ အကုန်လုံးက ဝလာတယ်လို့ ထင်ကြတာ။ တကယ်တမ်းတော့ 6 Packs တွေတောင် ပေါ်နေပြီ”လို့ အလင်းရောင်က ပြောပါတယ်။
လက်ရှိမှာတော့ ဒါရိုက်တာ ဝိုင်း ရိုက်တဲ့ “ပပဝတီ စီရင်ခန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိပြီး ဒီရုပ်ရှင်ဇာတ်ကားကြောင့်လည်း ခန္ဓာကိုယ် အလေးချိန်ကို တင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ပပဝတီ စီရင်ခန်း” မှာတော့ မိုးဟေကို၊ ဖွေးဖွေး၊ ထွန်းထွန်းနဲ့ အလင်းရောင်တို့ကို မတူညီတဲ့ အတွဲအစပ်များနဲ့ မြင်ရမှာဖြစ်ပြီး အလင်းရောင်ကတော့ မိုးဟေကိုရဲ့ အစ်ကိုနေရာက သရုပ်ဆောင်ထားတာလို့ သိရပါတယ်။
“မမိုးဟေကိုနဲ့က အသက် မတိမ်းမယိမ်းလို သရုပ်ဆောင်ရတာ ဖြစ်တယ်။ နောက်ပြီးတော့ မမိုးနဲ့က အသက် နည်းနည်းပဲ ကွာတာဆိုတော့ ခန္ဓာကိုယ်ကြီးအောင် လုပ်ပြီးတော့ အစ်ကိုတယောက်အနေနဲ့ အိုက်တင်လည်း သေချာလုပ်ထားပါတယ်”လို့ အလင်းရောင်က ပြောပါတယ်။
အလင်းရောင်အနေနဲ့ လက်ရှိမှာတော့ ဒါရိုက်တာ ဝိုင်းနဲ့အတူ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးလျက်ရှိပြီး မကြာခင်မှာကျင်းပမယ့် အကယ်ဒမီမှာ ဆရာဖြစ်သူ ဝိုင်းကို အကယ်ဒမီ ရရှိဖို့ ယုံကြည်တယ်လို့ ပြောပါတယ်။ ယခုနှစ်အတွက် အကယ်ဒီဆန်ခါတင် စာရင်းမှာလည်း အလင်းရောင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ပါဝင်နေတဲ့အတွက် ရင်ခုန်မှုရှိလား ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“အကယ်ဒမီကို မှန်းဖို့နေနေသာသာ အရင်တုန်းက ကားရိုက်ဖို့တောင် ကြိုးစားလာရတာဆိုတော့ ကားရိုက်နေရာတာကို ပျော်တယ်။ တကားနဲ့ တကား အိုက်တင် မထပ်အောင် ကိုဝိုင်း သင်ပေးတာကြောင့်လည်းပါတယ်။ ဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ ရတာ၊ မရတာတော့ ကံပေါ့နော်။ ဘယ်နှနှစ်ကျရင် ရရမယ်ဆိုတာတော့ မရှိပါဘူး”လို့ အလင်းရောင်က ပြောပါတယ်။
အလင်းရောင်ကတော့ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ဆန်ခါတင်စာရင်းထဲ ပါဝင်နေတာနဲ့တင် ကျေနပ်ပါတယ်လို့ ဆိုပါတယ်။
The post ၂၀၁၉ မှာ ခန္ဓာကိုယ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် အလင်းရောင် appeared first on ဧရာဝတီ.