ဟောင်ကောင်နာမည်ကျော် ရုပ်ရှင်မင်းသား စတီဗင်ချောင် (Stephen Chow) က ၂၀၀၄ ခုနှစ်မှာ အထူးနာမည်ကျော်ကြားခဲ့တဲ့ “Kung Fu Hustle” ရုပ်ရှင်ရဲ့နောက်ဆက်တွဲ ဇာတ်လမ်းကို ရိုက်ကူးတော့မှာဖြစ်တဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။
မင်းသား Stephen ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက ကွမ်ကျိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ “The New King Of Comedy” ရုပ်ရှင်မိတ်ဆက်ပွဲ၊ ပရိသတ်နဲ့ အမေးအဖြေ အစီအစဉ်မှာ အခုလိုမျိုး မှတ်ချက်ပေး ပြောကြားခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က နာမည်ကျော် ဟောင်ကောင် ရုပ်ရှင်ကား ဖြစ်တဲ့ “The New King Of Comedy” ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို သူကိုယ်တိုင် ရိုက်ကူး၊ ထုတ်လုပ်၊ ဇာတ်ညွှန်း ရေးသားပေးထားတာပါ။
အဲဒီပွဲမှာ “Kung Fu Hustle” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ အစီအစဉ် ရှိ၊ မရှိ မင်းသား Stephen ကို မေးမြန်းခဲ့တာဖြစ်ပြီး သူက “ဟုတ်၊ ရှိပါတယ်။ တကယ်တော့ ‘Kung Fu Hustle 2’ ဆိုပြီးတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံခြားတိုင်းပြည်တခုမှာ ဇာတ်အိမ်တည်ထားတဲ့ ခေတ်သစ် ကွန်ဖူးဇာတ်လမ်း ဖြစ်မှာပါ။ သီးခြား ဇာတ်လမ်းဖြစ်မှာပါ။ ဒါပေမဲ့ ‘Kung Fu Hustle’ ထဲက ပုံစံအတိုင်း၊ လားရာအတိုင်း ဖြစ်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
‘Kung Fu Hustle’ နောက်ဆက်တွဲ ဇာတ်လမ်းရိုက်ကူးမယ်ဆိုတဲ့ ကောလာဟလက ၂၀၀၅ ခုနှစ်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အဲဒီ အချိန်တုန်းကတော့ ၂၀၀၅ ခုနှစ်၊ ဒါမှ မဟုတ်ရင် ၂၀၀၆ ခုနှစ် အစောပိုင်းမှာ ရိုက်ကူးမယ်လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ နောက်ဆက်တွဲ ရုပ်ရှင်ကို ဆက်လက် အကောင်အထည် မဖော်ဖြစ်ဘဲ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအထိ အဆိုပါ ရုပ်ရှင်ကို ရွှေ့ဆိုင်းထားလိုက်ပြီလို့ သတင်းတချို့မှာ ဆိုပါတယ်။ ပြီးတော့ မင်းသားရဲ့ ကိုယ်စားလှယ် တဦးကတော့ အဲဒီ နောက်ဆက်တွဲ ရုပ်ရှင် ရိုက်ကူးမယ်ဆိုတဲ့ သတင်းဟာ အမှားကြီးသာ ဖြစ်တယ်လို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မင်းသား Stephen ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်ကစလို့ သရုပ်ဆောင်အလုပ်ကို မလုပ်တော့ပေမယ့် ရုပ်ရှင်တွေကို ထုတ်လုပ်တာ၊ ရိုက်ကူးတာ၊ ရေးသားတာ ဆက်လုပ်ပေးနေပါတယ်။ ပြီးတော့ သရုပ်ဆောင်အလုပ်ကနေ ဘာဖြစ်လို့ ထွက်လိုက်တာလဲဆိုတာကို သူဘယ်တုန်းကမှ ထုတ်မပြောခဲ့ပါဘူး။
သူ သရုပ်ဆောင် အလုပ်ကနေ ထွက်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုတာဟာလည်း စိတ်မသက်မသာ ဖြစ်စေတယ်လို့ ဆိုထားပါတယ်။
Ref: coconuts
The post “Kung Fu Hustle” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ရှိတယ်လို့ စတီဗင်ချောင် အတည်ပြု appeared first on ဧရာဝတီ.