မင်းသား Armie Hammer ဟာ Gotham စီးတီးရဲ့ လမ်းမတွေ အထက်မှာ ပေါ်လာမယ့် လင်းနို့လူသား ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ “Call Me By Your Name” ရုပ်ရှင်စတား မင်းသား Armie ဟာ Warner Bros ကနေ မကြာခင် ပြန်လည်ရိုက်ကူးတော့မယ့် “Batman” ရုပ်ရှင်မှာ Caped Crusader (လင်းနို့လူသား) အဖြစ် ပါဝင်ဖို့ ဆွေးနွေးနေတာ နောက်ဆုံးအဆင့် ရောက်ပြီလို့ Revenge of the Fans သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရုပ်ရှင် ၃ ကားမှာ ကမ္ဘာကျော် စူပါဟီးရိုးအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Ben Affleck ကတော့ အခုအသစ်ရိုက်မယ့် ရုပ်ရှင်မှာ သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာအဖြစ် ပါဝင်မယ်လို့ ကနဦးမှာ ပြောဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာပဲ သူဟာ သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ထွက်ပေါ်လာတဲ့သတင်းတွေမှာဆိုရင် Warner Bros က ဇာတ်ကောင်ရဲ့ လမ်းကြောင်းကို ပြောင်းလဲခဲ့ပြီး ဇာတ်ကောင်အသစ်ဟာ ပိုငယ်ရွယ်ပြီး လင်းနို့လူသားအနေနဲ့ အတွေ့အကြုံနည်းတဲ့ပုံစံမျိုး ဖြစ်ရမယ်ဆိုပြီး ပြောလာပါတယ်။
ဒါရိုက်တာအနေနဲ့ Matt Reeves က တာဝန်ယူမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားတာပါ။ သတင်းထဲမှာတော့”မင်းသား Armie ဟာ ပါဝင်ဖို့ လက်မှတ်တော့ မထိုးရသေးပါဘူး။ ဒါပေမယ့် လက်မှတ်ထိုးခါနီးအချိန်ဖြစ်နေပြီလို့ ခံစားရပါတယ်” လို့ ဖော်ပြထားပါတယ်။
လင်းနို့လူသားအဖြစ် ပါဝင်လာနိုင်ချေရှိတဲ့သူတွေထဲမှာ Ansel Elgort, Dylan O’Brien, Logan Lerman, Noah Centineo, Jack O’Connell, Richard Madden, Kit Harington, Nicholas Hoult နဲ့ Aaron Taylor-Johnson တို့လည်း ပါဝင်ကြပါတယ်။ တကယ်လု့ိသာ မင်းသား Armie အနေနဲ့ အဲဒီ ဇာတ်ကောင်ကို လက်ခံဖြစ်မယ်ဆိုရင်တော့ သူဟာ လင်းနို့်လူသားအဖြစ် သရုပ်ဆောင်တဲ့ ဆဌမမြောက်မင်းသား ဖြစ်လာမှာပါ။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ပထမဆုံးရုပ်သံမှာထုတ်လွှင့်ခဲ့တဲ့ လင်းနို့လူသားစီးရီးမှာ မင်းသား Adam West က သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၈၉ ခုနှစ်မှာတော့ “Batman” ရုပ်ရှင်ထွက်လာပါတယ်။ အဲဒီ့ရုပ်ရှင်မှာ မင်းသား Michael Keaton က သရုပ်ဆောင်ပါတယ်။ ၃ နှစ်အကြာမှာ ထွက်လာတဲ့ “Batman Returns” ရုပ်ရှင်မှာလည်း သူပဲ ဆက်သရုပ်ဆောင်ပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ “Batman Forever” ရုပ်ရှင်ထပ်ထွက်လာပါတယ်။ ခေါင်းဆောင်မင်းသားကတော့ Val Kilmer ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ မင်းသားကြီး George Clooney က “Batman & Robin” ရုပ်ရှင်မှာ သရုပ်ဆောင်ပါတယ်။
“Batman Begins” ၊ “The Dark Knight” နဲ့ “The Dark Knight Rises” တို့မှာတော့ မင်းသား Christian Bale က ပါဝင်ပါတယ်။ “Batman v Superman” ၊ “Suicide Squad” နဲ့ “Justice League” တို့မှာတော့ မင်းသား Ben Affleck က နောက်ဆုံး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Ref: etcanada
The post လင်းနို့လူသားနေရာမှာ သရုပ်ဆောင်ဖို့ မင်းသား Armie Hammer နဲ့ ဆွေးနွေးနေပြီလို့ သိရ appeared first on ဧရာဝတီ.