Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် မွန်းအောင် မန္တလေးဆေးရုံကြီးတွင် နှလုံးခွဲစိတ်မှုခံယူ

$
0
0

အဆိုတော်မွန်းအောင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး၌ မနေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ၎င်း၏ဇနီးဖြစ်သူဒေါ်ဆွေဆွေက ဧရာဝတီကို ပြောသည်။

“မနေ့နေ့လည်ပိုင်းက ခွဲလိုက်တယ်။ ခွဲတာတော့ ၄၅ မိနစ်လောက်ပဲကြာတယ်။ခွဲခန်းထဲက ထွက် လာတော့ လုံးဝအကောင်း ပကတိပြန်ဖြစ်နေပြီ။ ဒါပေမဲ့အခုလောလောဆယ်တော့ ICU (အထူးကြတ်မတ် ကုသဆောင်) ထဲမှာရှိသေးတယ်” ဟု ၎င်းကပြောသည်။

ယခု လဆန်းပိုင်းမှ နှလုံးရောဂါနှင့် ဆိုင်သော ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စိုးရိမ်စရာ အခြေ အနေမဟုတ်၍ မလေးရှားနိုင်ငံသို့ ခရီးထွက်ခဲ့ရာ ခရီးစဉ်အတွင်း နှလုံးရောဂါ ဖောက်လာ၍ ဆေး ကုသမှုခံ ယူခဲ့ပြီး သက်သာလာသည့် အတွက် ရန်ကုန်မှ မန္တလေးသို့ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။

သို့သော မန္တလေးသို့ အလာ လမ်းတလျှောက် ကျန်းမာရေး အခြေအနေ ဆိုးဝါးလာသဖြင့် မန္တလေး မြို့ရှိ “ညိမ်း”ပုဂ္ဂလိက ဆေးရုံမှ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကာ နှလုံးသွေးကြော အတွင်း ပိုက်ထည့်၍ သွေးကြောချဲ့ ကုသခြင်း ကို ဖေဖော်ဝါရီ ၂၁ ရက် နေ့ခင်းပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“သူက ခဏခဏ အန်ပြီး ဗိုက်အောင့်တယ်ပဲ ပြောတော့ အစာအဆိပ်သင့်တယ်ပဲ ထင်ပြီး၊ ညိမ်းဆေးရုံကို တင်တာ၊အဲဒီက ဆရာဝန်ကြီးတွေ ကျေးဇူးကြောင့် Heart Attack ဖြစ်နိုင်တယ်ဆိုတာ အချိန်မီသိရတဲ့ အတွက် မန္တလေးဆေးရုံကြီး ကိုပြောင်းပြီး အခုလို ခွဲစိတ် ကုသနိုင်ခဲ့တာပါ၊ ဒီကနှလုံး အထူးကုဆရာဝန်ကြီးတွေ အဖွဲ့ကလည်း သေချာ ဂရုစိုက် ပေးကြတယ်” ဟု ဒေါ်ဆွေဆွေက ပြော သည်။

အဆိုတော် မွန်းအောင်၏ လက်ရှိအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘဲ၊ ရက်ပိုင်း ခန့် မန္တလေး ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ဆက်လက်ခံယူရမည် ဖြစ်ကြောင်း သိရသည်။

“ဆရာဝန်တွေက လောလောဆယ် အပြည့်အဝနားဖို့၊ စိတ်ဖိအားတွေ လျော့ဖို့မှာထားတယ်။ ဒါပေမဲ့ ပရိသတ် တွေကို ပြန် ဖျော်ဖြေနိုင်ဖို့အတွက် ကျန်းမာရေးအခြေအနေအရ ဆေးလိပ်ဖြတ်မှ ဖြစ်တော့ မယ်” ဟု အဆိုတော် မွန်းအောင် ကဧရာဝတီကို ပြောသည်။

အသက် ၅၉ နှစ် အရွယ် အဆိုတော်မွန်းအောင်သည် ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္စမာနဥဏ်၊ လွမ်းရတဲ့ ညတွေ လွန်ပါစေ စသည့် တေးစီးရီးများဖြင့် လူကြိုက်များခဲ့ပြီး၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ပြည်ပသို့ ထွက်ခွာ ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာပြည်ဝင်ခွင့်ပြန်လည် ရရှိခဲ့သူ ဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကို အာဏာသိမ်းစစ်တပ်က သွေးထွက်သံယို နှိမ်နင်းအပြီး နယ်စပ်ဒေသသို့ လူငယ်ပေါင်း ထောင်သောင်းချီပြီး ထွက်ခွာရာ၌ အဆိုတော် မွန်းအောင် ပါဝင်ခဲ့သည်။ ကျောင်းသားတပ်မတော် ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတွင် ပါဝင်ခဲ့သည်။ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းခွေကို ဂီတရောင်းရင်းများဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်တွင် အသံသွင်းပြီး ၁၉၉၂ ခုနှစ်တွင် ဖြန့်ချိခဲ့ရာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရေးသားခဲ့သော အရေးကြီးပြီနှင့် မင်းကိုနိုင်၏ သွေးမုန်တိုင်း သီချင်းများမှာ အထူးထင်ရှားသည်။

နော်ဝေနိုင်ငံသို့ ဒီဗီဘီ သတင်းဌာနတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့အပြီး နော်ဝေရှိ ဂီတမိတ်ဆွေများနှင့် လွတ်မြောက်ရာလမ်း အမည်ရှိ တေးစီးရီးကို ၁၉၉၈ ခုနှစ်တွင် ထုတ်ဝေဖြန့်ချိသည်။ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ ပြန်လာပြီး ယခင် မဇ္ဈိမလှိုင်းမှ ဂီတရောင်းရင်းများ ဖြစ်သူ တေးရေး ကိုနေဝင်းနှင့် ကွယ်လွန်သူ ကိုရဲလွင်တို့၏ သီချင်းအများစု ပါဝင်သော ငြိမ်းချမ်းရေးမိုးစက်များ အမည်ရှိ တေးစီးရီးကို အသံသွင်းသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာပြည် ပြန်လာပြီး ယင်းစီးရီးကို ဖြန့်ချိခဲ့သည်။

The post အဆိုတော် မွန်းအောင် မန္တလေးဆေးရုံကြီးတွင် နှလုံးခွဲစိတ်မှုခံယူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...