ကလေးသရုပ်ဆောင် တယောက်အနေနဲ့ ငယ်စဉ်ကတည်းက အနုပညာအလုပ်များကို လုပ်ကိုင်လာခဲ့တဲ့ သရုပ်ဆောင် အိစိကွေးကတော့ အခုအချိန်ထိ သူ့ကို ကလေးတယောက် အနေနဲ့သာ မြင်နေသေးတဲ့အတွက် အရွယ်ရောက်လာပြီဆိုတာကို အသိအမှတ်ပြုစေချင်တယ်လို့ ပြောပါတယ်။
“ပရိသတ်ဆိုတာကတော့ မိဘတွေလိုပါပဲ။ ကိုယ့်ရဲ့သားသမီးကို ဘယ်လိုပဲ အသက်အရွယ် ကြီးလာကြီးလာ သူတို့မျက်လုံးထဲမှာ ကလေးလိုပဲမြင်ကြမှာပဲ။ ဒါပေမယ့်လည်း သူ့အရွယ်နဲ့ သူ့အချိန်ကာလဆိုတာလည်း ရှိပြီးသား။ ဘာပဲပြောပြော ဒီအရွယ်ရောက်လာပြီဆိုရင် ပရိသတ်တွေဘက်က လက်ခံပေးဖို့ လိုပါတယ်။ အဲဒီအတွက်လည်း တောင်းဆိုပါတယ်”လို့ သရုပ်ဆောင် အိစိကွေးကပြောပါတယ်။
ငယ်စဉ်ကတည်းက ကလေးတယောက်အနေနဲ့ သရုပ်ဆောင်လုပ်လာတာကြောင့် အခုချိန်ထိ ကလေးတယောက် အနေနဲ့ပဲ မြင်နေပြီး တခြားရွယ်တူသရုပ်ဆောင်များနဲ့ အမြင်မတူဘဲ ကွဲပြားနေတဲ့အတွက် ဖြေရှင်းရမယ့် ပြဿနာ တခုလိုဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဘဝမှာဖြေရှင်းရမယ့် ပြဿနာက အဲဒါပေါ့။ တခြားသရုပ်ဆောင် ယောကျာ်းလေးတယောက် ရုပ်ရှင်ရိုက်တယ်။ သူ့ကိုငယ်ငယ်ကတည်းက မြင်ရတာ မဟုတ်ဘူး။ ကြီးလာမှမြင်ရတော့ လူကြီးတယောက်လို့ သတ်မှတ်လို့ရတယ်။ မျက်နှာလေးက ကလေးမျက်နှာလေးနဲ့ ချစ်စရာလေးဆိုပြီး လူကြီးဆိုပြီး သတ်မှတ်လိုက်တယ်”
“ကျနော်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ကလေးကတည်းက တီဗီမှာ မြင်ခဲ့ရတာ။ ကျနော့် မျက်နှာမြင်တိုင်း ကလေး မျက်နှာပဲမြင်ကျတာဆိုတော့ လောလောဆယ်တော့ ဖြေရှင်းရဖို့ခက်တယ်။ အရွယ်ရောက်လာပြီဆိုတာက တဖြည်းဖြည်းနဲ့တော့ ပြနေရတာပါပဲ။ ပရိသတ်တွေဘက်ကလည်း အသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်” လို့ အိစိကွေးကပြောပါတယ်။
သူကိုယ်တိုင်မှာတော့ ကလေးဆန်သင့်တဲ့နေရာမှာ ကလေးဆန်ပြီး အလုပ်ကိစ္စများပြောဆိုတဲ့အခါမှာတော့ လူကြီးဆန်ရတယ်လို့ ဆိုပါတယ်။
“ကိုယ့်ကိုယ်လည်း အမြဲတမ်းတော့ ကလေးလိုမဟုတ်ဘဲ သူ့နေရာနဲ့သူပေါ့။ မိသားစုနဲ့ဆိုရင်လည်း ကလေးဆန်သင့် တဲ့နေရာ ကလေးဆန်ရတယ်။ လူကြီးတွေနဲ့စကားပြောတဲ့အခါ လူကြီးဆန်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲ ဆိုတော့ အိစိကွေးလို့ပဲမြင်ပါတယ်” လို့ အိစိကွေးကပြောပါတယ်။
အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ အိစိကွေးကတော့ အသက်အရွယ်နဲ့ လိုက်ဖက်မယ့်ဇာတ်ရုပ်များကိုသာ လက်ခံဖြစ်ပြီး ကြီးမားတဲ့ကာရိုက်မျိုးအတွက်တော့ အချိန်ကာလတခုကို စောင့်ရသေးတယ်လို့ ဆိုပါတယ်။
“ကိုယ်နဲ့ မလိုက်သေးတဲ့ ကာရိုက်တာတွေအတွက်တော့ စောင့်ရသေးတာပေါ့။ အသက်က အခုမှ ၁၈ပဲရှိသေးတော့ အရမ်းဟဲဗီးတွေကျတော့လည်း မကောင်းဘူး။ ပရိသတ်ပြောမှာတွေရှိမယ်။ ကာရိုက်တာမလိုက်မှာတွေရှိမယ်။ ကိုယ်နဲ့လိုက်ဖက်မယ့်ကာရိုက်တာ ကိုယ့်အရွယ်နဲ့လုပ်လို့ရမယ့် ကာရိုက်တာမျိုးပဲလုပ်ပါတယ်” လို့ အိစိကွေးက ပြောပါတယ်။
The post “အရွယ်ရောက်လာပြီဆိုတာ ပရိသတ်တွေ အသိအမှတ်ပြုဖို့ လိုတယ်”လို့ အိစိကွေး ပြော appeared first on ဧရာဝတီ.